‘ ကျွန်တော် လာဟို့ဇ်ကို အပြစ်မတင်ပါဘူး ။ သရေ ရလဒ်က ကျွန်တော်တို့ရဲ့ အမှားပါ ‘ – ဇာဗီ

ဘာစီလိုနာ အသင်းဟာ မနေ့ညက လာလီဂါ ကတ်တလန်ဒါဘီပွဲ အဖြစ် အက်စ်ပန်ညို အသင်းကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံကစားခဲ့ရာ ၊ မားကို့စ် အလွန်ဆိုရဲ့ ခေါင်းတိုက်ချက်နဲ့ စောစောစီးစီး ဦးဆောင်ဂိုး ရထားပေမယ့် ၊ ပွဲချိန် ၇၃မိနစ်မှာ ဟိုဆေးလူရဲ့ ပင်နယ်တီ ချေပဂိုးကို ခွင့်ပြုခဲ့ရကာ ၊ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။

ဒီပွဲမှာ သွင်းဂိုးတွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းခဲ့တာက ကွင်းလယ်ဒိုင် မတ်တီယူ လာဟို့ဇ်ရဲ့ ပွဲကိုင်တွယ်ပုံ ဖြစ်ပါတယ် ။ လာဟို့ဇ်ဟာ နယ်သာလန် – အာဂျင်တီးနား ကမ္ဘာ့ဖလား ကွားတားဖိုင်နယ် ကိုင်တွယ်ခဲ့တုန်းကလို အဝါကတ်တွေ ပလူပျံခဲ့ပြီး ၊ ဘာစီလိုနာနဲ့ အက်စ်ပန်ညို ၂သင်းပေါင်း အဝါ ၁၅ကတ် အထိ ပြသခဲ့ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ ၊ အက်စ်ပန်ညို ကွင်းလယ်လူ ဒီဆိုဇာ ကော်စတာတို့ကတော့ ၂ဝါတနီနဲ့ အသီးသီး အထုတ်ခံခဲ့ရပါတယ် ။ သို့ပေမယ့်လည်း အခွင့်အရေး ဖန်တီးမှုပိုင်းအရတော့ အိမ်ရှင် ဘာဆာတို့ အနိုင် ၃မှတ် ရဖို့ ကောင်းခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဘာစီလိုနာ နည်းပြ ဇာဗီက ၄င်းတို့ရဲ့ အသင်းသား ၈ဦး အထိ အဝါပြသခဲ့တဲ့ ကွင်းလယ်ဒိုင် လာဟို့ဇ် အပေါ် အပြစ်တင် ဝေဖန်ခဲ့ခြင်း မရှိပဲ ၊ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရမှတ် ပြန်တူသွားခဲ့တာဟာ ၄င်းတို့ ကိုယ်တိုင်ကြောင့် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဇာဗီ က ” ကျွန်တော်တို့ရဲ့ ကစားအား ထိုးကျသွားခဲ့တာပါ ။ သရေကျခဲ့တာက ကျွန်တော်တို့ရဲ့ အမှားပါပဲ ။ ဒါတွေက သိသာထင်ရှားမှု အရှိဆုံး အမှားတွေ ဖြစ်ပါတယ် ။ ခင်ဗျား အနေနဲ့ ဒါကို မဖြစ်မနေ ထုတ်ပြောရပါမယ် ။ အက်စ်ပန်ညိုဟာ ပွဲပြီးခါနီး မိနစ် ၂၀ မတိုင်ခင် အထိ ၁ – ၀ နဲ့ အရှုံးခံဖို့ ဒီကို ရောက်လာသလိုပါပဲ ။ ”

” ရတဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးမချနိုင်တဲ့အခါ ဒီလို အရာတွေ ဖြစ်လာတတ်ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ပါတယ် ။ လာဟို့ဇ်ဟာ ပုံမှန်အားဖြင့် ပွဲကို လွှမ်းမိုးချုပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ ပွဲထိန်းတတ်ပါတယ် ။ ဒီနေ့ ပွဲပြီးတော့ ကျွန်တော် သူ့ကို အဓိပ္ပာယ် မရှိတဲ့ အဝါကတ်တွေ သူ ပေးခဲ့ပြီး ၊ စိတ်ထိ်န်းဖို့ ပြောခဲ့ပါတယ် ။ ”

” ပုံမှန်အားဖြင့် သူဟာ သွေးအေးအေး ၊ စိတ်ငြိမ်ငြိမ်နဲ့ ပွဲကိုင်တွယ်တတ်ပါတယ် ။ ဒီနေ့မှာတော့ သူ ဒီလို မဟုတ်ခဲ့ပါဘူး ။ သူကတော့ ကျွန်တော့ကို တွေ့ရတာ ဝမ်းသာတဲ့ အကြောင်းသာ ပြန်ပြောခဲ့ပါတယ် ။ တခြား ထွေထွေထူးထူးတော့ မရှိခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် မတ်တီယူကို ဒီနေ့ပွဲ အတွက် အပြစ်မတင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဇာဗီ က မနေ့ညက ပွဲမှ နည်းစနစ် ချဉ်းကပ်ပုံတွေနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ရဲ့ မာမာထန်ထန် ကစားဟန်က ဒီနေ့ပွဲမှာ ဆိုးဆိုးရွားရွား ထိုးကျခဲ့ပါတယ် ။ ကျွန်တော့ စိတ်ထဲမှာ ဒီနေ့ပွဲကို ကျွန်တော်တို့ နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ် ။ ”

” အက်စ်ပန်ညိုဟာ ပင်နယ်တီ အခွင့်အရေးနဲ့ နီကို မာလ်မက်ဒ်ဆီက အခွင့်အရေး တကြိမ်သာ ရခဲ့ပါတယ် ။ ကျွန်တော်တို့ကသာ ပွဲကို အသာစီးနဲ့ ကစားခဲ့တာ ရှင်းလွန်းနေပါတယ် ။ ဒီအကြောင်း ကျွန်တော်တို့ ပြောခဲ့တာ ကြိမ်ဖန်များစွာ ရှိပါပြီ ။ ”

” ပထမပိုင်း အပြီးမှာတောင် လက်ရှိ ရစ်သမ်နဲ့ ကစားအားကို ဆက်ထိန်းထားဖို့ အသင်းသားတွေကို ကျွန်တော် မှာခဲ့ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လက်ရှိ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာက ဘာစီလိုနာ အသင်းဟာ လာမယ့် ဇန်နဝါရီ ၈ရက်နေ့ညမှာ အက်သလက်တီကို အသင်းနဲ့ နှစ်သစ် အဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR