ရက်ဖိုဒ့် နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အပေါ် ချီးကျုးပြောဆို ခံခဲ့ရတဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး အဲရစ် တန်ဟတ် ဟာ ဝုဗ် နဲ့ ကစားခဲ့တဲ့ ပွဲက မားကပ် ရက်ဖိုဒ့် ကို အရန်ခုံ ထိုင်ခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ဘောလုံး ဝေဖန်သုံးသပ်သူတွေရဲ့ အကောင်းမြင် မှတ်ချက်တွေကို ရရှိခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ရဲ့ နှစ်သစ်ကူး ပွဲစဉ် အဖြစ် ဝုဗ် အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ကာ ၁-၀ ရလဒ် နဲ့ အနိုင် ရရှိပြီး ၂၀၂၂ ကို အနိုင်နဲ့ နှုတ်ဆက် နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် အနိုင်ဂိုး ကို မားကပ် ရက်ဖိုဒ့် က ဒုတိယပိုင်းမှာ သွင်းယူ ပေးခဲ့တာပါ ။ ရက်ဖိုဒ့် ဟာ နောက်ထပ် ၁ ဂိုး ထပ်မံ သွင်းယူခဲ့ ပေမယ့် VAR က လက်ထိတယ်လို့ သတ်မှတ် ခဲ့တာကြောင့် ပယ်ဖျက် ခံခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ အခုပွဲ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲစလုံးကို အနိုင် ကစားထား နိုင်ခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာကိုလည်း တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ( စပါး ပွဲ မကစားခင် အထိ )

နည်းပြ အဲရစ်တန်ဟတ် ရဲ့ ပွဲထွက် လူစာရင်း ကတော့ ပရိသတ်တွေကို မေးခွန်းတွေ ဖြစ်စေခဲ့ ပါတယ် ။ အန်တိုနီ မာစီရယ် ၊ ဘရူနို ဖာနန်ဒက်စ် ၊ ကက်စမဲရိုး ၊ အဲရစ်ဆင် တို့လို အမာခံ တွေ ပါလာခဲ့ပြီး ညာတောင်ပံ မှာလည်း ဘရာဇီးသား အန်တိုနီ ပါဝင်လာခဲ့ ပါတယ် ။

ဒါပေမယ့် ဘယ်တောင်ပံ မှာတော့ အသင်းရဲ့ အားအထားရဆုံး ဂိုးသွင်းရှင် မားကပ် ရက်ဖိုဒ့် မပါဝင် လာခဲ့ဘဲ အာဂျင်တီးနား လူငယ်ကြယ်ပွင့်လေး ဂါနာချို ပွဲထွက် လာခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရပါတယ် ။

ရက်ဖိုဒ့် ဟာ လူစာရင်းမှာ ပါလာခဲ့ပေမယ့် အရန်စာရင်းမှာသာ ရှိနေခဲ့ ပါတယ် ။ ဒါပေမယ့် လူစာရင်း ထွက်လာအပြီး မကြာခင် မှာပဲ ဘာကြောင့် ရက်ဖိုဒ့် အရန်ခုံ ထိုင်ခဲ့ရတယ်ဆိုတာကို အားလုံး သိရှိသွားခဲ့ကြ ပါတယ် ။

အဲရစ်တန်ဟတ် ဟာ ပွဲမစခင် ပြုလုပ်တဲ့ အင်တာဗျူးမှာ ရက်ဖိုဒ့် ဟာ သူ ချမှတ် ထားတဲ့ စည်းကမ်းကို ချိုးဖောက် ခဲ့တာကြောင့် ပွဲထွက်ခွင့် မရခဲ့တာဖြစ်တယ်လို့ ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

တန်ဟတ် ဟာ ဒုတိယပိုင်းမှာ ရက်ဖိုဒ့် ကို လူစားလဲ ထည့်ခဲ့ပြီး ရက်ဖိုဒ့် ကလည်း သူဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အဓိက ကျတဲ့ ကစားသမား ဖြစ်တယ်ဆိုတာကို သွင်းဂိုး ၂ ဂိုး ( ၁ ဂိုး ခွင့်ပြု မခံရ ) နဲ့ သက်သေပြသွားခဲ့ ပါတယ် ။

ဒီဂိုး ဟာ ရက်ဖိုဒ့် ကို ပရီးမီးယားလိဂ် မှာ ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ( သွင်းဂိုး + ဖန်တီးမှု ) ပြည့်မြောက် သွားစေခဲ့ ပါတယ် ။

 

ပွဲအပြီးမှာတော့ ရက်ဖိုဒ့် ကိုယ်တိုင် က ဘာကြောင့် သူ ပွဲထွက်ခွင့် မရလိုက်တာလဲ ဆိုတာကို ပြောပြရင်း သူနဲ့ နည်းပြ အကြား ဘာပြဿနာမှ မရှိဘူးလို့လည်းဆိုသွားခဲ့ ပါတယ် ။

“ဒါက အသင်းရဲ့ စည်းမျဉ်းစည်းကမ်း ပါပဲ ။ ဒီလို ဖြစ်ရတာ ကျွန်တော့ အမှားကြောင့်ပါ ။ ကျွန်တော် နည်းနည်း အိပ်ပျော် သွားပြီး ( လေ့ကျင့်ရေး ကွင်းကို ) နောက်ကျ ခဲ့တာပါ”

“ပွဲမထွက် ရတာ တကယ်ကို စိတ်ပျက်စရာ ပါပဲ ။ ဒါပေမယ့် အသင်းရဲ့ စည်းကမ်း ၊ ဒါကို ကျွန်တော် လိုက်နာရ ပါမယ် ။ ဒီ ဆုံးဖြတ်ချက် ကို ကျွန်တော် နားလည်ပါတယ်” လို့ ရက်ဖိုဒ့် က ပြောဆိုခဲ့ ပါတယ် ။

တန်ဟတ် ကလည်း “ရက်ဖိုဒ့် က ထက်မြက်တဲ့ ကစားသမားပါ ။ ဒီဆုံးဖြတ်ချက် ကို သူ နားလည်ပါတယ် ၊ သူ့ကို ပိုကောင်းလာစေမှာပါ ။ အခု ဒီကိစ္စတွေက ပြီးသွားပါပြီ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ ပါတယ် ။

 

ရက်ဖိုဒ့် ကို ချန်လှပ် ခဲ့တဲ့ အကြောင်းအရင်း ပေါ်ထွက်လာ အပြီးမှာတော့ ရုပ်သံ ကနေ တင်ဆက် သုံးသပ် နေကြတဲ့ ဘောလုံးသမားဟောင်းတွေဟာ အဲရစ် တန်ဟတ် ရဲ့ ဆုံးဖြတ်ချက် ကို ကြိုဆို ခဲ့ကြပြီး နည်းပြကြီးရဲ့ လုပ်ရည် ကိုင်ရည် ကို ချီးကျုး ပြောဆိုခဲ့ ကြပါတယ် ။

“တန်ဟတ် ကတော့ ဘယ်သူဖြစ်နေ ဖြစ်နေ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ ရက်ဖိုဒ့် က ပုံစံကောင်း ရနေတဲ့ ကစားသမားပါ ။ သူ ဝင် မကစားဘဲ ယူနိုက်တက် ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ စောင့်ကြည့် ရမှာပါပဲ ။ ဒါပေမယ့် နည်းပြ ရဲ့ လုပ်ရပ် ကိုတော့ ကြိုဆိုပါတယ်” လို့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုး က BT Sports ကနေ ပြောဆို ခဲ့ပါတယ် ။

မန်စီးတီး ခံစစ်မှူးဟောင်း လက်စကော့ ကလည်း “ကျွန်တော် ကလည်း ရက်ဖိုဒ့် ပရိသတ်ပါ ။ သူ ကစားတာကို ကြည့်ချင် ပါတယ် ။ ဒါပေမယ့် တန်ဟတ် အတွက်တော့ သူချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း သွားဖို့က ပို အရေးကြီးပါတယ်” လို့ ပေါလ်စခိုး ရဲ့ အဆိုကို ထောက်ခံ သွားခဲ့ ပါတယ် ။

ရီယို ဖာဒီနန် ကတော့ “အသင်းရဲ့ အကောင်းဆုံး ကစားသမား တယောက် မပါတဲ့ ပွဲကို ကြည့်ရတာ တခုခု လိုနေသလို ဖြစ်မှာပါ ။ ဒါပေမယ့် နည်းပြ ဘက်ကို ပြန်ကြည့်ရင်လည်း ဒီလိုမျိုး စကားတည်တဲ့ နည်းပြ တယောက် ၊ တာဝန်ယူရဲ တာဝန်ခံရဲတဲ့ နည်းပြ တယောက် ရှိနေတယ်ဆိုတာ သိရတာ စိတ်ချမ်းသာစရာ တမျိုးပါပဲ ။ ဒီ ဆုံးဖြတ်ချက် ကို ကစားသမား ဘက်က ( ရက်ဖိုဒ့် ) ဘယ်လို တလေးတစား နဲ့ တုန့်ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ” လို့ ပြောဆိုပြီး တန်ဟတ် ရဲ့ လုပ်ရပ် ကို ချီးကျုး ပြောဆို သွားခဲ့ ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ မှာတော့ ၂၀၂၃ ခုနှစ် ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

အဲ့ဒိနောက်မှာတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ ၊ မန်စီးတီး နဲ့ ကစားမယ့် မန်ချက်စတာ ဒါဘီ မတိုင်ခင် မှာ အဲဗာတန် ( FA Cup ) ၊ ချာလ်တန် ( ခါရာဘောင် ဖလား ) အသင်းနဲ့ ပွဲတွေကို ဆက်လက် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR