ယခုနှစ် ရာသီ Top 4 ဝင်မှာ မဟုတ်တဲ့ ပရီးမီးယားလိဂ် Big 6 ကလပ် တသင်း အမည်ကို ယတိပြတ် ထုတ်ဖော်လိုက်တဲ့ ဂရေမီ ဆောင်းနက်စ်

၂၀၂၂ ခုနှစ်ဟာ ချဲလ်ဆီး အသင်း အတွက် ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခု နောက်ပိုင်း အပြောင်းအလဲ အများဆုံး ကြုံခဲ့ရတဲ့ နှစ်အဖြစ် သတ်မှတ်နိုင်ပါတယ် ။ ပရော်ဖက်ရှင်နယ် ဘောလုံး ကလပ် တသင်းရဲ့ အရေးကြီးဆုံး ပိုင်ရှင် နေရာက စပြီး အောက်ခြေဝန်ထမ်းတွေ အဆုံး ချဲလ်ဆီးမှာ အပြောင်းအလဲမျိုးစုံ ဖြစ်ခဲ့ပါတယ် ။

ပထမဆုံး အနေနဲ့ ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့တဲ့ ရုရှားကြောင့် ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီး အသင်းကို တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အမေရိကန် စီးပွားရှင် အစုအဖွဲ့ထံ ရောင်းချခဲ့ရပါတယ် ။ အဲဒီနောက် တော့ဒ်ဘိုလီဟာ ပိုင်ရှင်ဟောင်း လက်ထက်က ဘုတ်အဖွဲ့ တဖွဲ့လုံး ရှင်းထုတ်ခဲ့ကာ ၊ နွေရာသီ အပြောင်းအရွှေ့ ကာလ တခုလုံး သူ ကိုယ်တိုင် အစစအရာရာ ချုပ်ကိုင် ဖြေရှင်းခဲ့ပါတယ် ။

တော့ဒ်ဘိုလီ ဟာ ပြီးခဲ့တဲ့ နွေတတွင်း ပေါင်သန်း ၂၀၀ကျော် သုံးစွဲကာ ၊ ကစားသမားသစ် အမြောက်အမြား ခေါ်ယူပေးခဲ့ပေမယ့် ၊ ကလပ် သမိုင်းတလျှောက် ဒုတိယမြောက် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးပေးခဲ့သူ ၊ sanction ကာလမှာ အသင်း အတွက် ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ နည်းပြဟောင်း သောမတ်စ် တူချယ်ကို တပတ်သာသာပဲ အချိန်ထပ်ပေးပြီး ရာထူးကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ် ။

အခုအခါမှာတော့ ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာရဲ့ ကိုင်တွယ်မှုအောက်မှာ ရှိနေပြီး ၊ ကမ္ဘာ့ဖလား မတိုင်ခင် ပရီးမီးယားလိဂ် ၅ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ကာ အဆင့် ၈ နေရာသို့ ထိုးကျခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လက်ကျန် ရာသီမှာ Top 4 ဝင်ဖို့ အတွက်ဆိုရင် ချဲလ်ဆီးတို့ ရမှတ် အများအပြား ထပ်မံဆုံးရှုံးလို့ မဖြစ်တော့ပါဘူး ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဘုန်းမောက်နဲ့ ပွဲမှာတော့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပေမယ့် ၊ ကာလရှည် ဒဏ်ရာ ပြဿနာ အချို့ ရှိနေတာကြောင့် ဂရေဟမ် ပေါ်တာ အနေနဲ့ ရာသီကုန်မှာ ရည်မှန်းချက် ပြည့်နိုင်ဖို့က ခက်ခဲမှာ သေချာနေပါတယ် ။ ပိုင်ရှင်သစ် တော့ဒ်ဘိုလီကတော့ ၄င်းအပေါ် ထောက်ခံမှု အပြည့်အဝ ဆက်ပေးနေပြီး ၊ ဇန်နဝါရီ စျေးကွက် အတွင်းမှာလည်း နောက်ထပ် ကြယ်ပွင့်တွေ အတွက် ငွေဆက်သုံးသွားဖို့ ရှိပါတယ် ။

လီဗာပူး နည်းပြဟောင်း တဦး ဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်ကတော့ လက်ရှိ အနေအထား အရ ပရီးမီးယားလိဂ် Big 6 အသင်းတွေ အနက် ချဲလ်ဆီးဟာ ရာသီကုန်မှာ Top 4 ဝင်မယ့် အလားအလာ မရှိကြောင်း ယတိပြတ် ကောက်ချက်ချသွားခဲ့ပါတယ် ။

Daily Mail ရဲ့ ဆောင်းပါး တပုဒ်မှာ ဆောင်းနက်စ် က ” နောက်ဆုံးတော့ ချဲလ်ဆီး အကြောင်း ရောက်လာပါပြီ ။ အဲဒီမှာ ဘာတွေ ဖြစ်နေတာလဲ ? သူတို့ ဒီရာသီ Top 4 ဝင်မှာ မဟုတ်ပါဘူး ။ တော့ဒ်ဘိုလီ ချဲလ်ဆီးကို စရောက်လာကတည်းက Alarm သံက စမြည်နေခဲ့တာပါ ။ ”

” သူတို့ဟာ တကယ့် အထွေထွေ ဘုတ်အဖွဲ့ ဖြစ်တဲ့ ဘရုစ်ဘတ်ခ် ၊ ပီတာချက် ၊ မာရီနာ ဂရာနော့ဗ်စကိုင်ယာ ၊ serial winner နည်းပြ ဖြစ်တဲ့ သောမတ်စ် တူချယ်တို့ကနေ ဘောလုံး အကြောင်း ဘာတခုမှ ကောင်းကောင်း မသိတဲ့ အမေရိကန်လူမျိုး ပိုင်ရှင် တဦးဆီကို ရောက်သွားပါတယ် ။ ”

” သူတို့နဲ့ ပတ်သက်ပြီး မြင်ရကြားရတဲ့ အရာတိုင်းက ဒီရာသီဟာ ချဲလ်ဆီး အတွက် ခက်ခဲတဲ့ ကာလ ဖြစ်မယ် ဆိုတာ ကျွန်တော့ကို လာပြောနေသလိုပါပဲ ။ ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာ တော်တော်လေးတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ ။ ”

” ဒါကလည်း ၂၀၂၃ မှာ ကျွန်တော်တို့ရဲ့ အံ့သြဖွယ်လိဂ်က ဘာကြောင့် နှစ်ခြိုက်စရာ ကောင်းလာမယ် ဆိုတဲ့ အကြောင်းအရင်း တချက်ပါပဲ ။ ” လို့ ရေးသားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ မနက်ဖြန် နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ တန်းတက် နော်တင်ဟမ်ဖောရက်စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ဖို့ ရှိပါတယ် ။

SPORTS MYANMAR