ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ် ဘင်ဖီကာ အတွက် နောက်ဆုံးပွဲ ကစားပေးခဲ့ပြီလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်လာတဲ့ ရှမစ်

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ဘင်ဖီကာ အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ် ။

 

ကလပ် ၂သင်း အကြား ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးညှိနှိုင်းမှုက လက်ရှိအချိန်အထိ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။ ဘင်ဖီကာဖက်ကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို ရာသီကုန် အထိ ဆက်ထိန်းထားချင်ပေမယ့် ၊ ကစားသမားဖက်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ ဆန္ဒ ပြင်းပြနေပါတယ် ။

အသက် ၂၁နှစ် အရွယ်ရှိ ယင်းအာဂျင်တိုင်းသားကို အခြား ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေကြပေမယ့် ၊ အပြောင်းအရွှေ့ ကိစ္စ တရားဝင် ချဉ်းကပ် ဆွေးနွေးနေတာကတော့ ချဲလ်ဆီး တသင်းတည်း ရှိနေပါတယ် ။

 

ဘင်ဖီကာ အသင်း ဥက္ကဋ္ဌဖြစ်သူ ရူဝီ ကော်စတာကတော့ အန်ဇို ဖာနန်ဒက်ဇ် အတွက် စာချုပ်ပါ လျော်ကြေး ယူရိုသန်း ၁၂၀ သာ ပေးချေဖို့ ချဲလ်ဆီးထံ တောင်းဆိုထားပြီး ၊ ချဲလ်ဆီး နည်းစနစ် ဒါရိုက်တာသစ် ဖြစ်သူ ခရစ်တိုဖာ ဗစ်ဗဲလ်ဟာ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် လက်ရှိမှာ ပေါ်တူဂီသို့ ရောက်ရှိနေပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ဘရာဂါ အသင်းနဲ့ ပေါ်တူဂီ စူပါလိဂ် ပွဲစဉ်မှာ အန်ဇို ဖာနန်ဒက်ဇ် ပွဲထွက်ခဲ့ရပြီး ၊ ၈၉မိနစ် အထိ ကစားပေးခဲ့ပေမယ့် ၊ ၄င်းရဲ့ အသင်း ဘင်ဖီကာကတော့ ပွဲအပြီးမှာ ၃ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပထမဆုံး လိဂ်ရှုံးပွဲ ကြုံတွေ့သွားပြီ ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက အန်ဇို ဖာနန်ဒက်ဇ်ဟာ ကလပ် အတွက် နောက်ဆုံးပွဲ ကစားပေးခဲ့ပြီလား ဆိုတဲ့ အမေး အပေါ် ဘင်ဖီကာ နည်းပြ ဖြစ်သူ ရော်ဂျာ ရှမစ်က အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။

ရှမစ် က ” ဒီနေ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်ကျေနပ်မှု ရှိပါတယ် ။ ဒါက အန်ဇိုရဲ့ နောက်ဆုံးပွဲလား ဆိုတာ ကျွန်တော်လည်း မပြောတတ်ပါဘူး ။ အန်ဇို ဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ ဒီကို ရောက်လာကတည်းက သူဟာ အံ့သြဖွယ် စွမ်းဆောင်ပြနေခဲ့တာပါ ။ ”

” လက်ရှိ အခြေအနေကို ကစားသမားဖြစ်သူနဲ့ ကလပ် တာဝန်ရှိသူတွေ ပူးပေါင်း ဖြေရှင်းရပါမယ် ။ ဘောလုံးမှာ တခါတလေ ဒါမျိုးတွေ ဖြစ်တတ်ပြီး ကစားသမားဖက်က သူ့ရဲ့ အနာဂတ် အတွက် မဖြစ်မနေ ဆုံးဖြတ်ချက် ချရပါမယ် ။ ဒီတော့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ နောက်တပတ်အထိ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရအောင်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အန်ဇို ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ရေးဗားပလိတ် အသင်းကနေ ဘင်ဖီကာသို့ ပြောင်းရွှေ့လာတာ ဖြစ်ပေမယ့် ၊ လပိုင်းအတွင်း ပေါ်တူဂီမြေမှာ အထိုင်ကျခဲ့သလို ၊ ချန်ပီယံလိဂ် အုပ်စုဗိုလ် နေရာနဲ့ လက်ရှိ ပေါ်တူဂီ စူပါလိဂ် ဇယားထိပ်နေရာ အတွက် ဘင်ဖီကာကို အကောင်းဆုံး ပံံ့ပိုးပေးထားပါတယ် ။

၄င်းရဲ့ အထင်ကရဖြစ်ခဲ့တဲ့ အချက်ကတော့ ကာတာ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ပြီး ၊ တဂိုးသွင်း တဂိုးဖန်တီးပေးခဲ့ကာ ၊ ပြိုင်ပွဲတလျှောက် အကောင်းဆုံး လူငယ် ကစားသမားဆု ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ် ။

SPORTS MYANMAR