၂၀၂၂ ခုနှစ်အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး မန်နေဂျာ ဆု နှင့် အထိုက်တန်ဆုံး နည်းပြကို ရွေးချယ် ပေးလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်းရဲ့ နောက်ခံလူဟောင်း ကာရေဂါ က မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာ ဆု နဲ့ အထိုက်တန်ဆုံး နည်းပြဟာ နယူးကာဆယ် အသင်း နည်းပြ အက်ဒီဟောင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ဘုန်းမောက် နည်းပြဟောင်း အက်ဒီ​ဟောင်း ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မှာ နယူးကာဆယ် အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့တာ ဖြစ်ပါတယ် ။ အက်ဒီဟောင်း စတင် ကိုယ်တွယ်ချိန်မှာ နယူးကာဆယ် အသင်းဟာ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲ နေရတဲ့ အသင်းပါ ။

အက်ဒီဟောင်း ရဲ့ ဦးဆောင်မှု ၊ အသင်း ပိုင်ရှင်ရဲ့ ငွေသုံးပြီး အင်အား ဖြည့်တင်းမှုတွေ နဲ့ အတူ နယူးကာဆယ် အသင်းဟာ တန်းဆင်းဇုန် နဲ့ လွတ်လွတ်ကျွတ်ကျွတ် နေရာမှာ ရပ်တည်ပြီး ရာသီ ပိတ်သိမ်း နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း အက်ဒီဟောင်း ရဲ့ နယူးကာဆယ် အသင်းဟာ ရလဒ်ကောင်းတွေ ဆက်လက် ရယူ ထားနိုင်ပြီး လက်ရှိ အမှတ်ပေး ဇယား အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ် ။

ကာရေဂါ ကတော့ Telegraph မှာ ၂၀၂၂ ခုနှစ်အတွင်း နယူးကာဆယ် အသင်း နည်းပြ အက်ဒီဟောင်းထက် သာလွန်အောင် စွမ်းဆောင် ပြ နိုင်ခဲ့တဲ့ နည်းပြ မရှိဘူးလို့ ရေးသား သုံးသပ် သွားခဲ့ပါတယ် ။ ” ပြီးခဲ့တဲ့ ၁၂ လ အတွင်း စိန့်ဂျိမ်းပတ် မှာ အက်ဒီဟောင်း လုပ်ပြခဲ့တာထက် သာအောင် လုပ်ပြနိုင်တဲ့ နည်းပြ ရှိတယ်လို့ ကျနော်ကတော့ မယုံကြည်ပါဘူး ။”

” အက်ဒီဟောင်း စကိုင်ချိန်မှာ နယူးကာဆယ် က အဆင့်ကောင်းမှာ ရှိနေခဲ့တာ မဟုတ်ပါဘူး ။ ဇယား အောက်ဆုံးနားမှာ ရပ်တည် နေခဲ့တဲ့ အသင်းကို ခုလို အဆင့် ၃ နေရာ ရောက်လာအောင် ဦးဆောင် ပေးခဲ့တာပါ ၊ အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားတွေ နှင့် အသင်းမှာ ရှိရင်းစွဲ ကစားသမားတွေကို တိုးတက်အောင် လုပ်ပြီး အသင်းကို ပေါင်းစပ် တည်ဆောက်ခဲ့တာပါ ။ ”

” အသင်းပိုင်ရှင် ရဲ့ ငွေကြေး ထောက်ပံ့ပေးမှုလည်း ပါတာပေါ့ဗျာ ၊ ဒါပေမယ့် နယူးကာဆယ် အသင်းကို အက်ဒီဟောင်း ပြောင်းလဲ ပေးလိုက်တာနဲ့ ယှဉ်ရင် အသင်းပိုင်ရှင် ရဲ့ ပံ့ပိုးမှုက ဒုတိယ နေရာမှာပဲ ရှိပါတယ် ။ နယူးကာဆယ် က ခံစစ် အားသန် အသင်းကနေ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့ တိုက်စစ် အသင်း အဖြစ် ပြောင်းလဲ သွားခဲ့တာပါ ။ ”

” အက်ဒီဟောင်း က အသင်းနဲ့အတူ အောင်မြင်မှု ရယူဖို့ စိတ်ပိုင်း ဖြတ်ထားပုံပါပဲ ၊ သူက တခြား နည်းပြ တစ်ဦးအတွက် အသင်းကို တည်ဆောက်ပေးနေတာမျိုး မဟုတ်ပါဘူး ။ နယူးကာဆယ် အသင်းကြောင့် Big Six အသင်းတွေ စိုးရိမ် နေရပါပြီ ၊ အရင်တုန်းက တရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်မယ့် အသင်းကြီး က ၂ သင်းပဲ ရှိပါတယ် ။ ”

” နယူးကာဆယ် ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော်နိုင်တဲ့ အသင်းကြီး ၃ သင်း အထိ ရှိလာတော့မှာပါ ။ ဒီနှစ် နယူးကာဆယ် အမှတ်ပေး ချန်ပီယံ ဖြစ်မယ်လို့ ပြောဖို့ကတော့ စောပါသေးတယ် ၊ သူတို့ အဆင်သင့် မဖြစ်သေးပါဘူး ၊ လက်စတာ နဲ့ Boxing Day ပွဲမှာ ပြသခဲ့တဲ့ အထင်ကြီးစရာ စွမ်းဆောင်ရည် အရတော့ Top Four ကို စိန်ခေါ်ဖို့ အရှိန်အဟုန် ရနေပြီ ဆိုတာ မြင်သာပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM