၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းပေးသွားခဲ့တဲ့ ခရစ်ဆက်တန်

လီဗာပူး vs လက္စတာ

ကိုဒီဂတ်ပိုဟာ လီဗာပူးအတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှု ဖြစ်ကာ သူတို့ရဲ့ တိုက်စစ်မှာ ၎င်းဘယ်လို အံ၀င်အောင် ကစားသွားမလဲ ဆိုတာ ကျွန်တော် မြင်ချင်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ကျွန်တော် လီဗာပူးနဲ့ပက်သက်ပြီး ခန့်မှန်းမှု မှားခဲ့ပြန်ပါတယ်။ ဗီလာဟာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း လီဗာပူးဟာ နောက်ဆုံးမှာ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ်။ ကလော့ရဲ့အသင်းဟာ top 4 အတွက် အပြင်းအထန် တိုက်ပွဲ၀င်နေပြီး ၂၀၂၂ ကို နိုင်ပွဲနဲ့ အဆုံးသတ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မက်ဒီဆင် ဒူးဒဏ်ရာ ရနေခြင်းဟာ လက်စတာအတွက် စိတ်ပူစရာပါ။ ဒါပေမယ့် သူတို့ဟာ အန်ဖီးမှာ ဂိုးတော့ ပြန်သွင်းနိုင်ပါလိမ့်မယ်။ လီဗာပူးကတော့ လက်စတာထက် ဂိုးပိုရမှာပါ။

ခန့်မှန်းချက် – လီဗာပူး ၃-၁ လက်စတာ

ဝုဖ် vs မန်ယူနိုက်တက်
နည်းပြလိုပီတစ်ဂီရဲ့ ပထမဦးဆုံးပွဲစဉ်မှာ ဝုဖ်ဟာ အဲဗာတန်ကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ယုံကြည်မှု ပြည့်ဝနေနိုင်ကာ ဒီပွဲဟာ ခန့်မှန်းရ ခက်ပါတယ်။ သူတို့ဟာ မန်ယူနိုက်တက်ကို ပြန်လည် တုန့်ပြန်သွားမှာပါ။ ဒါပေမယ့် ယူနိုက်တက်ရဲ့ တိုးတက်လာမှုကြောင့် သူတို့ဟာ ဒါကို ဖြေရှင်းနိုင်စွမ်း ရှိနေမှာပါ။ ယူနိုက်တက်ဟာ ဖောရက်စ်ကို နိုင်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့ကာ တန်းဟတ်လိုချင်တဲ့ ပုံစံမျိုးနဲ့ ကစားလာနိုင်တာကို စတင်မြင်လာခဲ့ရပါတယ်။ ဘယ်သူမှ ရော်နယ်ဒို အကြောင်းကို မပြောကြတာကလည်း အသင်းကို အကူအညီ ဖြစ်စေတာ အသေအချာပါပဲ။ ကလပ်ဟာ ရော်နယ်ဒို မရှိချိန်မှာ ပိုမို ဟာမိုနီ ဖြစ်သွားတယ်လို့ ပြောရန် စောနေပေမယ့် အသင်းဟာ ဒီပုံစံနဲ့ ကစားနေတာတော့ သေချာပါတယ်။

ခန့်မှန်းချက် – ဝုဖ် ၁-၂ မန်ယူနိုက်တက်

မန်စီးတီး vs အဲဗာတန်
အဲဗာတန်ကို ကျွန်တော် တကယ် စိတ်ပူမိပါတယ်။ သူတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ နိုင်ထားခဲ့ပြီး အီတီဟတ်ကတော့ သူတို့ နောက်ဆုံးမှ ကစားချင်တဲ့ ကွင်းဖြစ်ပါတယ်။ လမ်းပတ် အနေနဲ့ ဒီပွဲစဉ်မှာ ခံစစ်ကို အထိုင်ကျကာ မာကျောစွာ တုန့်ပြန်ပြီး ပွဲအတွင်းမှာ တက်နိုင်သမျှ ရှိနိုင်အောင် လုပ်သွားရမှာပါ။ ဒါပေမယ့် ဂိုးစောစော ပေးလိုက်ရရင်တော့ အစီအစဉ်တွေ ပျက်သွားနိုင်ပါတယ်။ စီးတီးရဲ့ တိုက်စစ်မှာ ဘယ်သူတွေကို ပွဲထုတ်သွားမလဲဆိုတာ မသိရပေမယ့် ဂွာဒီယိုလာ အနေနဲ့ ဘယ်လိုပဲ လူရွေးချယ်မှု လုပ်သွားသည် ဖြစ်စေ ရလဒ်ကတော့ သိပ်ပြီး ထူးခြားလာမှာ မဟုတ်ပါဘူး။ စီးတီးတို့ ဂိုးပြတ် အနိ်ုင်ရသွားမှာပါ။

ခန့်မှန်းချက် – မန်စီးတီး ၅-၀ အဲဗာတန်

ဘရိုက်တန် vs အာဆင်နယ်
ဒါဟာ ပွဲကြီးပွဲကောင်းပါ။ အကယ်လို့များ အာဆင်နယ်သာ ဒီပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တဲ့ လက္ခကောင်း ဖြစ်လာမှာပါ။ ၀က်ဟမ်းကို နိုင်ခဲ့တဲ့ပွဲမှာ အန်ကီတီယာ ဂိုးသွင်းနိုင်ခဲ့တာဟာ ဂန်းနားတို့ အတွက် တအားကို အရေးကြီးခဲ့ပါတယ်။ ဒီပွဲကတော့ ပိုမို ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပြီး ဂန်းနားတို့ ဂျီဆုကို miss ဖြစ်နေရသလားဆိုတာ သိနိုင်မှာပါ။ ဘရိုက်တန်ဟာ ဒီရာသီအစောပိုင်းက ကာရာဘောင်ဖလားမှာ အာဆင်နယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံရမှာလည်း မှတ်တမ်းကောင်းတွေက ရှိနေပြီး ဧပြီလက အမ်းမရိတ်မှာ အာဆင်နယ်ကို အနိုင်ကစားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ The Seagulls တို့ကို ရွေးချယ်မှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်ကလည်း အခွင့်အရေးတွေ ရရှိမှာတော့ ဖြစ်ပါတယ်။

ခန့်မှန်းချက် – ဘရိုက်တန် ၂-၁ အာဆင်နယ်

တော့တင်ဟမ် vs အက်စတွန်ဗီလာ
စပါးဆီက ဘာကို မျှော်လင့်ရမလဲဆိုတာ မသိနိုင်ဘဲ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ အသင်းတစ်သင်း အနေနဲ့ သူတို့ဟာ ခြေစွမ်း တအားကို မတည်ငြိမ်လှပါဘူး။ ဘယ်လို စပါးမျိုးကို ဒီနေရာမှာ မြင်တွေ့နိုင်မလဲ? ဘာကြောင့် သူတို့ အမြဲတမ်းလိုလို နောက်ကနေ လိုက်ကစားနေရတာလဲ? ဗီလာဟာ လီဗာပူးရဲ့ ကောင်းကောင်း အနိုင်ယူခြင်းကို ခံခဲ့ရပေမယ့်လည်း တိုက်စစ်ပိုင်းမှာတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေနဲ့ အဆုံးသတ်မယ်လို့ ခံစားမိနေပါတယ်။ ဘာလို့လဲဆိုတော့ စပါးဆီက ဘယ်လိုပုံစံမျိုးကို မြင်တွေ့ရမလဲဆိုတာ မသိလို့ပါ။

ခန့်မှန်းချက် – တော့တင်ဟမ် ၂-၂ အက်စတွန်ဗီလာ

နော့တင်ဟမ်ဖောရက်စ် vs ချဲလ်ဆီး
ချဲလ်ဆီးဟာ ဘုန်းမောက်နဲ့ပွဲမှာ လိုအပ်တဲ့ နိုင်ပွဲကို ရရှိခဲ့ပါတယ်။ နိုင်ပွဲနဲ့လည်း ထိုက်တန်ပါတယ်။ ဖောရက်စ်ကတော့ ယူနိုက်တက်နဲ့ ပွဲမှာ တစ်စုံတစ်ရာ ပြန်လည် ရယူနိုင်ခြေရှိတဲ့ ကစားပုံမျိုး မပြသခဲ့ပါဘူး။ ဒီရာသီ ချဲလ်ဆီးရဲ့ အဓိကပြသနာက သွင်းဂိုးပိုင်း ဖြစ်ပေမယ့် ဖောရက်စ်ရဲ့ တိုက်စစ်ပိုင်းက ပိုဆိုးပါတယ်။ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ အတွက် ဖောရက်စ်ဟာ အိမ်ကွင်းကိုပဲ အဓိက အားကိုးရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဝေးကွင်း form ဟာ တအားကို ဆိုးလို့ပါ။ ဒီပွဲစဉ်မှာတော့ သူတို့ အိမ်ကွင်းမှာ တစ်စုံတစ်ရာ ရယူနိုင်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ချဲလ်ဆီးတို့ ပွတ်ကာသီကာ အနိုင်ရမယ်လို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် – နော့တင်ဟမ်ဖောရက်စ် ၁-၂ ချဲလ်ဆီး

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်
၀က်ဟမ်း ၁-၁ ဘရန့်ဖို့ဒ်
ဘုန်းမောက် ၁-၁ ခရစ်စတယ်ပဲလေ့စ်
ဖူဟမ် ၂-၀ ဆောက်သမ်တန်
နယူးကာဆယ် ၂-၀ လိဒ်

SM