စူပါစတား ၂ဦးကြောင့် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ အန်းဒရစ်

 

မကြာသေးခင်ကမှ ရီးရဲလ်မက်ဒရစ် အသင်းမှ လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလ အတွက် ရည်ရွယ်ကာ ပါးလ်မီးရက်စ် အသင်းကနေ ယူရိုသန်း ၆၀နဲ့ ခေါ်ယူခဲ့တဲ့ ဘရာဇီး ဆယ်ကျော်သက် ကွင်းလယ်လူ အန်းဒရစ်ဟာ မနေ့က ဘရာဇီး ဂန္တဝင် ကစားသမားဟောင်း ဇီကိုမှ ကြီးမှူးကျင်းပတဲ့ ရန်ပုံငွေပွဲကို ပါဝင်ဆင်နွှဲခဲ့ပါတယ် ။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ အန်းဒရစ်ဟာ ထိုပွဲမှာ ပွဲကြည့် ပရိသတ် ၆သောင်းကျော် ရှေ့မှောက်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ် ။ ပွဲအပြီး Marca သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ အန်းဒရစ်က လက်ရှိ Los Blanco စတား ဗင်နီးဆီးယပ်စ် ဂျူနီယာနဲ့ Los Blancos ဂန္တဝင် ခရစ်တီယာနို ရော်နယ်ဒိုတို့ကြောင့် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟ ဖြေကြားလာပါတယ် ။

မေး – ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီလို့ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ခင်ဗျား ဘယ်လို ခံစားခဲ့ရလဲ ?

ဖြေ – ကျွန်တော် အရမ်း ပျော်ပါတယ် ။ ဘုရားသခင်ကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကို နှိမ့်ချထားပါတယ် ။ ကျွန်တော်ဟာ ဘာအောင်မြင်မှုမှ မရသေးပါဘူး ။ လက်ရှိ ပစ္စုပ္ပန် အတွက် ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ။ အနာဂတ်ကလည်း ဘုရားသခင်ပဲ ပိုင်ပါတယ် ။

၂၀၂၄ မှာ ကျွန်တော် ရီးရဲလ်မက်ဒရစ်ဆီ သွားတဲ့အခါ အချိန်ကောင်း ဖြတ်သန်းရဖို့ မျှော်လင့်ပါတယ် ။ လောလောဆယ်တော့ ကျွန်တော် ပါးလ်မီးရက်စ်မှာပါ ။ ဒါပေမယ့် အဝေးကနေ ကျွန်တော် ရီးရဲလ်မက်ဒရစ်ကို အားပေးနေမှာပါ ။

ကျွန်တော့ရဲ့ မိတ်ဆွေ ဖြစ်တဲ့ ဗင်နီးဆီးယပ်စ် အပါအဝင် အက်ဒါ ( မီလီတာအို ) ၊ ရိုဒရိုင်ဂိုတို့နဲ့ ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်တွေ ၊ လာလီဂါ ဖလားတွေနဲ့ မကြာခင် ကစားမယ့် စပိန်စူပါဖလားတွေပါ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးပါတယ် ။

မေး – ဘာကြောင့် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တာလဲ ? ခင်ဗျား တခြား အသင်းတွေဆီက ကမ်းလှမ်းမှုတွေ ရခဲ့တယ် မဟုတ်လား ?

ဖြေ – ရီးရဲလ်မက်ဒရစ်ဟာ အသင်းကြီး တသင်းပါ ။ ဗင်နီက ကျွန်တော့ဆီ မက်ဆေ့ခ်ျတွေ ပို့ထားခဲ့့ပြီး ၊ သူတို့ဆီ ပြောင်းလာနိုင်ဖို့ မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော့ အိုင်ဒေါ ခရစ်တီယာနို ရော်နယ်ဒိုကလည်း အဲဒီမှာ ကစားခဲ့တာကြောင့် အဆုံးမှာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့ပါတယ် ။

ဒါက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ်လို့လည်း ကျွန်တော် ထင်ပါတယ် ။ ဘုရားသခင်ဟာ ကျွန်တော်နဲ့ အတူ အမြဲရှိနေပြီး ၊ ဒါက အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ သူ ကျွန်တော့ကို ပြောခဲ့ပါတယ် ။

မေး – လောလောလတ်လတ်ပဲ ခင်ဗျားဟာ ဗင်နီနဲ့ အတူ အချိန်တွေ ကုန်ဆုံးခဲ့ပါတယ် ။ သူ ခင်ဗျားကို ဘာအကြံတွေ ပေးခဲ့လဲ ?

ဖြေ – အကြံဉာဏ်တွေကတော့ မျိုးစုံပါပဲ ။ များလွန်းလို့ ဒီမှာ အဲဒီအကြောင်းတွေ အားလုံး ပြောလို့ ကုန်မှာ မဟုတ်ပါဘူး ။ ကိုယ့်ဖာသာကိုယ်ပဲ ဒီအကြံဉာဏ်တွေကို မှတ်ထားပါတယ် ။ သူဟာ အခုမှ ဒီလို အကြံပေးတာတွေ လုပ်နေတာ မဟုတ်ပါဘူး ။ တဘဝလုံး သူ ကျွန်တော့ကို အကြံပေးနေတာပါ ။

သူဟာ ကျွန်တော့ရဲ့ မိတ်ဆွေ ဖြစ်ပြီး ၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး နောက်ထပ် နှစ်များစွာ တည်တံ့နေဦးမယ်လို့ မျှော်လင့်ပါတယ် ။ အနာဂတ် ရီးရဲလ်မက်ဒရစ်မှာ သူနဲ့ အတူ ဂိုးတွေ ၊ ဖန်တီးမှုတွေ အပြန်အလှန် ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ် ။

မေး – ကာလို အန်ဆယ်လော့တီနဲ့ တခြား ရီးရဲလ်မက်ဒရစ် အသင်းသားတွေနဲ့ရော စကားပြောဖြစ်သေးလား ?

ဖြေ – Yes! အန်ဆယ်လော့တီ ၊ ရိုဒရိုင်ဂို ၊ အက်ဒါတို့နဲ့တော့ စကားပြောပြီးပါပြီ ။ အနာဂတ်မှာ နောက်ထပ် ကောင်းမွန်တဲ့ အရာတွေ ထပ်ရောက်လာဖို့ မျှော်လင့်ပေမယ့် ၊ ခင်ဗျားဟာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့သာ ရှေ့ဆက် ကြိုးစားရမှာ ဖြစ်ပါတယ် ။

မေး – ဒီနေ့ ဂိုးတွေ အများကြီး သွင်းခဲ့တော့ ခင်ဗျား ပျော်နေမှာပဲ ။

ဖြေ – ကျွန်တော် အရမ်း ပြင်းပြင်းထန်ထန် ကြိုးစား ကစားခဲ့တာမျိုးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော် အရှုံးကို မနှစ်သက်ပါဘူး ။ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ် ။ ပွဲကြည့် ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့လိမ့်မယ်လို့ ထင်ပါတယ် ။ အခုတော့ ဆော်ပေါ်လိုကို ပြန်ပြီး လေ့ကျင့်ရပါဦးမယ် ။ ဒါဟာ လာမယ့် ရာသီ ပုံစံကောင်း တရပ် ရဖို့ ကျွန်တော် ကြိုးစားတဲ့ နည်းလမ်း ဖြစ်ပါတယ် ။

SPORTS MYANMAR