နှုတ်ဆက်သွားတဲ့ ပီလီ ၊ နှစ်သစ်ကူးပွဲ သတင်းတွေ ၊ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

ကမ္ဘာကျော် ဘောလုံး ဂန္ထဝင်ကြီး ပီလီ ဟာ မနေ့ည ပိုင်းက ကွယ် လွန် သွားခဲ့ပါပြီ ။ ပီလီ ရဲ့ ခွဲခွာမှုကို မက်ဆီ ၊ နေမာ ၊ ရိုနယ်ဒို အပါအဝင် တကမ္ဘာလုံးက ဘောလုံးသမားတွေ ၊ နည်းပြတွေ ၊ ဂန္ထဝင်တွေ အားလုံးက ဝမ်းနည်း နှုတ်ဆက် စကားတွေ ရေးသား ပေးပို့ ခဲ့ကြပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ အီဒင် ဟာဇက် ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ကာ ဇန်နဝါရီ မှာ ရောင်းထုတ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆို ခဲ့ ပါတယ် ။

ဟာဇက် ကတော့ ရီးရဲ မှာ မျှော်လင့်ထားသလို မဖြစ်လာမှုတွေကြောင့် အသင်းပြောင်းရွှေ့ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ထားပါတယ် ။

ချဲလ်ဆီး အပါအဝင် ဥရောပ ထိပ်သီး အသင်းတွေက စာချုပ် ဖျက်သိမ်းကြေး ( ပေါင် သန်း ၁၀၀ ကျော် ) ပေးချေကာ ခေါ်ယူဖို့ လုပ်ဆောင် နေပေမယ့် ဘင်ဖီကာ အသင်းကတော့ ကမ္ဘာ့ဖလား ကြယ်ပွင့်လေး အန်ဇို ဖာနန်ဒက်ဇ် ကို ဆက်ထိန်းထားဖို့ စိတ်ကူး ရှိနေပြီး စာချုပ်သစ် ချုပ်ဆို သွားဖို့ စီစဉ် နေတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဘာစီလိုနာမှာ နေရာ မရ ဖြစ်နေတဲ့ အိုင်ဗရီကိုစ့် ကွင်းလယ်လူ ဖရန့် ကတ်ဆီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ် လာပါတယ် ။

ချဲလ်ဆီး ကတော့ ပြင်သစ် ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို လက်လွှတ်ဖို့ စိတ်မကူး သေးဘဲ စာချုပ် သက်တမ်းတိုးဖို့ စတင် လုပ်ဆောင် နေသလို ကွင်းလယ် ကို ထပ်မံ အားဖြည့်ဖို့လည်း စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ကိုဒီ ဂတ်ပို ကို ခေါ်ယူပြီး ပေမယ့် သူတို့ဟာ ဇန်နဝါရီ ဈေးကွက် ထဲကနေ ထွက်သွားပြီလို့ မသတ်မှတ် နိုင်သေး ပါဘူးလို့ လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ က ပြောဆိုသွားခဲ့ ပါတယ် ။

ဘရာဇီး ကွင်းလယ်လူ ကော်တင်ညို က ဗီလာ မှာ မပျော်မရွှင် ဖြစ်နေပြီး အသင်းပြောင်းချင်တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ၊ သူ့ အနေနဲ့ ဗီလာ မှာ ပျော်ရွှင်နေကြောင်း ဆိုရှယ်မီဒီယာ ပေါ်မှာ ရေးသား ပြောဆိုခဲ့ ပါတယ် ။

အေစီမီလန် တိုက်စစ်မှူးကြီး အိုလီဗာ ဂျရူး ဟာ မီလန် ကလပ် နဲ့ နောက်ထပ် ၂ နှစ် သက်တမ်းတိုးဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ် ။

ဆော်ဒီ ကလပ် အယ်လ်နက်ဆာ ဟာ ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိလာမှု အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင် နေသလို PSG မှာ ကစားနေတဲ့ ရိုနယ်ဒို ရဲ့ ရီးရဲ အသင်းဖော်ဟောင်း ဆာဂျီယို ရာမိုစ့် ကိုလည်း ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သိရှိရ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် နည်းပြ ဒေးဗစ် မိုရက်စ် က ကွင်းလယ်လူ ဒီကလန် ရိုက်စ် ဟာ အခု ဇန်နဝါရီ မှာ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ကတော့ လောင်းကစားကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ အတွက် စွဲချက်တင်ထား ခံရပေမယ့် ကွင်းထဲမှာ အပြည့်အ၀ အာရုံစူးစိုက် ကစားနိုင်တဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို ချီးကျုး ပြောဆိုသွားခဲ့ ပါတယ် ။

မန်စီးတီး ဂိုးသမား အီဒါဆင် ဟာ လိဒ် ကို ၃-၁ နဲ့ အနိုင် ရတဲ့ ပွဲ အပြီးမှာ မန်ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ တင်ရှိ ထားတဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၅၀ ကို အမြန်ဆုံး ပြည့်မြောက်တဲ့ မှတ်တမ်း ကို ချိုးဖျက် ရယူသွား နိုင်ခဲ့တယ်လို့လည်း သိရှိရ ပါတယ် ။

 

SPORTS MYANMAR