ဒေါ့မွန် မတိုင်ခင် မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဘာကြောင့် စည်းရုံးနိုင်ခဲ့ခြင်း မရှိတာလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဘာမင်ဂမ် စီအီးအိုဟောင်း

 

လက်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ် ဟာ ၂၀၂၀ ဇူလိုင်လမှာ ဘာမင်ဂမ် အသင်းကနေ ဒေါ့မွန် အသင်းသို့ ပေါင် ၂၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၊ ဒါဟာ ဘောလုံးသမိုင်းတလျှောက် ကြေးအမြင့်ဆုံး အသက် ၁၇နှစ် အရွယ် ကြယ်ပွင့် အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ် ။

အခုအခါမှာတော့ ဘယ်လင်ဂမ်ဟာ ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပြိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်နေပြီး ၊ ၄င်းရဲ့ တန်ကြေးကလည်း အနည်းဆုံး ပေါင်သန်း ၁၀၀ အထက်မှာ ရှိနေပါတယ် ။ ဘယ်လင်ဂမ်ဟာ လက်ရှိမှာမှ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ မဟုတ်ပါဘူး ။

ဒေါ့မွန်သို့ မပြောင်းဖြစ်ခင်ကတည်းက ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ အပြိုင် ချဉ်းကပ်မှုကို ရရှိခဲ့ပါတယ် ။ အထူးသဖြင့် မန်ယူနိုက်တက်ဟာ ဘယ်လင်ဂမ် အတွက် ဒေါ့မွန်မှ ပေးခဲ့တာထက် ၂ဆ တင်ပြီး ကမ်းလှမ်းခဲ့ဖူးပါတယ် ။

 

ဒါ့အပြင် သရဲနီတို့ဟာ စီအီးအိုဟောင်း မိုက်ကယ် အက်ဒ်ဝုဒ်ဝပ် သာမက ၊ နည်းပြဟောင်း ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ၊ ကလပ် ဂန္တဝင် ၂ဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အဲရစ် ကန်တိုနာတို့ရဲ့ အားနဲ့ပါ ဘယ်လင်ဂမ်ကို အရခေါ်ယူနိုင်ဖို့ စည်းရုံးခဲ့ပါတယ် ။

ယူနိုက်တက် နည်းတူ ချဲလ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်ကလည်း ၄င်းကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် စည်းရုံးမှု မလုံလောက်ခဲ့ပါဘူး ။ နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်ကပါ ဘယ်လင်ဂမ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ ဘာမင်ဂမ် စီအီးအိုဟောင်း ရွှမ်တုံးရမ် က အခုလိုပဲ ပြန်ပြောင်း ပြောပြခဲ့ပါတယ် ။

Mundo Deportivo သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ရွှမ်တုံးရမ် က ” အက်ဒ်ဝုဒ်ဝပ် က ဂျုဒ်ကို ခေါ်ဖို့ တွန်းအားအပေးဆုံး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ဘယ်လင်ဂမ်ကို ဘယ်လိုမျိုး ရအောင် စည်းရုံကြည့်မယ့် အကြောင်း ဆွေးနွေးခဲ့ကြပါတယ် ။ ဒါပေမယ့် ဂျုဒ်က ပိုက်ဆံ အပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချခဲ့ခြင်း မရှိပါဘူး ။ ”

” မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ တခြား အသင်းတွေဆီက ကမ်းလှမ်းမှုတွေထက် ငွေကြေး ၂ဆ ပိုသာခဲ့ပါတယ် ။ ဂျုဒ်ဟာ ဘဏ်ထဲမှာ ငွေတွေ သန်းနဲ့ချီပြီး ထည့်နိုင်ခဲ့မှာ ဖြစ်ပေမယ့် ၊ သူ အဲဒီ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး ။ ဒါဟာ ပရော်ဖက်ရှင်နယ် ကစားသမား တယောက် အတွက် သာမှန် အခြေအနေ မဟုတ်တော့ပါဘူး ။ ”

” သူဟာ နောက်တရက် ဝုဒ်ဝပ်က ဖာဂူဆန်ကို ခေါ်မလာခင်တုန်းက ဆိုးလ်ရှားနဲ့ အရင် စကားပြောခဲ့ပါသေးတယ် ။ နောက်ထပ် တရက်ကျတော့ ကန်တိုနာကပါ သူ့ကို လာပြီး စည်းရုံးဖို့ ကြိုးစားကြည့်ပါသေးတယ် ။

 

” ဒေါ့မွန်နဲ့ အပြောင်းအရွှေ့ မဖြစ်မီ နောက်ဆုံးရက်မှာ သူ့ဖခင်ဆီက ကျွန်တော့ကို ဒေါ့မွန်ဆီကနေ ပြောင်းရွှေ့ကြေး လက်မခံသေးဖို့ ဆိုပြီး ဖုန်းဝင်လာခဲ့ပါတယ် ။ ဘိုင်ယန်ဟာ နောက်ဆုံးမိနစ်မှာ ဒေါ့မွန်က ပေးတဲ့ သူ့ရဲ့ ကြေးကို ထပ်မြှင့် ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပါတယ် ။ အထူးသဖြင့် ကစားသမားဖြစ်သူ အတွက် bonus ထပ်တိုးပေးချင်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR