ဂတ်ပိုကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်း ၊ အသုံးပြုသွားမယ့် နေရာမှာ ၊ ဘယ်ပွဲမှာ available ဖြစ်နိုင်မလဲ ဆိုတာ ပြောပြသွားခဲ့တဲ့ ကလော့

ယာဂန်ကလော့က ကိုဒီဂတ်ပိုဟာ တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားလို့ ထုတ်ဖော်လိုက်ပေမယ့် နယ်သာလန် စတားရဲ့ အနှစ်သက်ဆုံး နေရာကတော့ ဘယ်တောင်ပံ တိုက်စစ် ဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ လီဗာပူးဟာ အသက် ၂၃ နှစ်အရွယ် ဂတ်ပိုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ယူနိုက်တက်ထက် လက်ဦးမှု ရယူကာ အန်ဖီးကို အရောက် ခေါ်ယူနိုင်ခဲ့ပါတယ်။

ဂတ်ပိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နယ်သာလန် အတွက် ၅ ပွဲကစား ၃ ဂိုး သွင်းယူပေးထားခဲ့သလို PSV အတွက်လည်း ဒီရာသီမှာ ၁၉ ပွဲကစား ၁၂ ဂိုးသွင်းကာ ၁၄ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ ဂတ်ပိုဟာ ဇန်နဝါရီ ၁ ရက်နေ့ ကနေ စတင်ကာ လီဗာပူးရဲ့ တရား၀င် ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး လက်စတာနဲ့ သောကြာနေ့မှာ ကစားရမယ့် ပွဲစဉ်အတွက်တော့ available မဖြစ်သေးပါဘူး။

ကလော့ ကတော့ ဒီအပြောင်းအရွေ့ အတွက် စိတ်လှုပ်ရှားလျက် ရှိနေပြီး ဂတ်ပို အနေနဲ့ အသင်းအတွက် available ဖြစ်လာတဲ့ အချိန်မှာ ၎င်းကို ဘယ်လို အသုံးပြုဖို့ စီစဉ်ထားသလဲဆိုတာကို ထုတ်ဖော်လိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ စီနီယာ တိုက်စစ် ကစားသမား ၆ ဦးကို ပိုင်ဆိုင်ထားခဲ့ပေမယ့် လူး၀စ်ဒီယက် နဲ့ ဂျိုတာ တို့က ကာလရှည် နားရမှာ ဖြစ်တာကြောင့် ကလော့ဟာ မိုဆာလား နူးနက် ဖာမီနို တို့နဲ့ အတူ ဂတ်ပိုကို လှည့်လည် သုံးစွဲသွားမှာ ဖြစ်ပါတယ်။

ဂတ်ပို ရောက်ရှိလာမှုနဲ့ ၎င်းကို စောင့်ကြည့်ခဲ့တဲ့ အကြောင်းရင်းကို မေးမြန်းရာမှာ ကလော့က “အဖြေကတော့ တအား လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အရမ်း အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်နေလိုပါ။ ဒ့ါကြောင့် ဒီ package က တကယ် စိတ်၀င်စားစရာ ကောင်းပါတယ်။ သူ့ရဲ့ အသက်အရွယ် အလားအလာ နဲ့ ဟော်လန်နဲ့အတူ ပြသခဲ့တဲ့ သူ့ရဲ့ အရည်အသွေးတွေကြောင့် သူဟာ အရမ်းကို စိတ်၀င်စားစရာကောင်းတဲ့ ကစားသမား ဖြစ်နေတာပါ။ ဒ့ါကြောင့်လည်း ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့အတွက် တအား စိတ်၀င်စားခဲ့ပါတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ကျွန်တော် တအား ပျော်ရွှင်မိပါတယ်။ သူဟာ ဒီကို ပြောင်းရွေ့ခွင့်ရခဲ့တဲ့ အပေါ် ၀မ်းမြောက်နေပါတယ်။ အရာအားလုံး အိုကေမှာပါ။ ဒါဟာ အရမ်းကောင်းတဲ့နေ့လို့ ပြောချင်ပါတယ်။”

ဘယ်အချိန်မှာ လီဗာပူးအတွက် ဂတ်ပို available ဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို “ကျွန်တော် ကြားခဲ့ရသလောက်ကတော့ ကျွန်တော်တို့ဟာ သူ့ကို အစောကြီး ကြိုခေါ်ခဲ့တယ်လို့ပါ။ ဒါဟာ ကောင်းပါတယ်။ ဒါပေမယ့် သူဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အခွင့်အရေး ရကောင်းရလာနိုင်ပါတယ်။ သိပ်ပြီးတော့ မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ဇန်နဝါရီ ၁ ရက်နေ့ဟာ ဘဏ်ပိတ်ရက် ဖြစ်နေတာကြောင့် စာရွက်စာတမ်း ကိစ္စတွေကို ဇန်နဝါရီ ၂ ရက်နေ့ နေ့လည်မတိုင်မီ အပြီးသတ်နိုင်မှသာ သူဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲအတွက် အခွင့်အရေး ရှိမှာပါ။ ဒီလို ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် သူ့ကို အလောတကြီး သုံးစရာ မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဝုဖ်နဲ့ပွဲက ဖြစ်နိုင်ခြေ အရှိဆုံးပါ။” လို့ ကလော့က ပြောလိုက်ပါတယ်။

ဂတ်ပိုကို ဘယ်နေရာမှာ အသုံးချသွားမလဲဆိုတဲ့ အပေါ် “

ကလော့က “သူ အများဆုံး ကစားခဲ့တဲ့ နေရာကတော့ ဘယ်ခြမ်းတိုက်စစ် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ နေရာစုံ ကစားနိုင်ပါတယ်။ သူဟာ ဟော်လန်အတွက် နေရာစုံ ကစားပေးခဲ့သလို ပီအက်ဗီ အတွက်လည်း ဒီလို ကစားခဲ့ပါတယ်။ သူဟာ တိုက်စစ်ပိုင်းရဲ့ နေရာ ၄ ခုစလုံး ကစားနိုင်ပါတယ်။ ၄-၂-၃-၁ နဲ့ ကစားမယ် ဆိုရင် သူဟာ နေရာ ၄ ခုစလုံးကို ကစားပေးနိုင်သလို ၄-၃-၃ ဆိုရင်လည်း သူဟာ တောင်ပံ ကစားသမား အဖြစ် ကစားနိုင်ပါတယ်။ ၄-၄-၂ ဆိုရင်လည်း သူဟာ တောင်ပံမှာကော တိုက်စစ်မှုး နေရာမှာပါ ကစားနိုင်ပါတယ်။ ဒါ့ကြောင့် သူဟာ နေရာစုံ ကစားနိုင်တဲ့သူပါ။ ဒါပေမယ့် သူဟာ တအား ငယ်သေးတယ်ဆိုတာ သိထားသင့်ပါတယ်။

သူဟာ လိဂ်မှာကော ကမ္ဘာ့ဖလားမှာပါ ပုံစံကောင်းကို တောက်လျှောက် ပြသခဲ့ပါတယ်။ ဟော်လန်ဟာ ကမ္ဘာ့ဖလားမှာ တိုက်စစ်ဖွင့်ပြီး ကစားခဲ့တဲ့ အသင်း မဟုတ်ဘဲ ခံစစ်ကို လုံခြုံအောင် လုပ်ကာ ကစားရ ခက်ခဲအောင် ကစားခဲ့ပါတယ်။ ဒါ့ကြောင့် တစ်ပွဲမှာ အခွင့်အရေးက အများကြီး မရှိခဲ့ပါဘူး။ သူဟာ ခံစစ်ကို အများကြီး ကစားခဲ့ရကာ ကောင်းကောင်းလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ ကစားရ နှစ်သက်တဲ့ နေရာကတော့ ၄-၃-၃ ရဲ့ ဘယ်ခြမ်းတိုက်စစ် ဖြစ်ပါတယ်။ သူဟာ အခြားနေရာတွေလည်း ကစားပေးနိုင်တာကြောင့် ကျွန်တော်တို့ အတွက် သူဟာ တအားကို စိတ်၀င်စားစရာ ကောင်းခဲ့တာပါ။” လို့ ဆိုလိုက်ပါတယ်။

SM