လီဗာပူးကို ပြောင်းရွေ့ဖို့အတွက် ဆုံးဖြတ်ချက်ချရာမှာ ဗာဂျယ်ဗန်ဒိုက်ရဲ့ လွှမ်းမိုးမှုကို အသေးစိတ်ရှင်းပြလိုက်တဲ့ ဂတ်ပို

 

လီဗာပူးအသင်းဟာ ယနေ့မနက်အစောပိုင်းမှာပဲ ကိုဒီဂတ်ပိုကို ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း အသင်းရဲ့ ၀က်ဆိုက်ကနေ တရား၀င် ကြေငြာမှု လုပ်သွားခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ ကလပ်နဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး ဖြစ်သလို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုလည်း ရယူနိုင်ခဲ့ပြီး လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှာ လီဗာပူးရဲ့ တရား၀င် ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂတ်ပိုဟာ ကလပ်နဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမှာ ဖြစ်ကာ work visa ကျပြီးပါက လီဗာပူး အတွက် စတင် ကစားပေးတော့မှာ ဖြစ်ပါတယ်။ နယ်သာလန်စတားဟာ မန်ယူနိုက်တက်နဲ့ ကာလရှည် အပြောင်းအရွေ့ သတင်းထွက်နေခဲ့သူ ဖြစ်ပေမယ့် လီဗာပူးဟာ ဂတ်ပိုကို ခေါ်ယူဖို့အတွက် လျှင်မြန်စွာ လှုပ်ရှားကာ အန်ဖီးကို အရောက် ခေါ်ယူနိုင်ခဲ့ပါတယ်။ ၎င်းဟာ လူး၀စ်ဒီယက် ဂျိုတာ တို့ ဒဏ်ရာရနေတာကြောင့် အင်အားနည်းနေတဲ့ လီဗာပူးရဲ့ တိုက်စစ်ပိုင်း အတွက် တကယ် ကောင်းတဲ့ အားဖြည့်မှု ဖြစ်လာမှာပါ။

ဂတ်ပိုရဲ့ လီဗာပူး အပြောင်းအရွေ့မှာ အဓိကကျခဲ့တဲ့သူ တစ်ဦး ရှိနေပြီး ၎င်းကတော့ ဗန်ဒိုက်ပဲ ဖြစ်ကာ လက်ရွေးစင် အသင်းဖော်ကို လီဗာပူးထံ ပြောင်းရွေ့လာရန် ကောင်းကောင်း စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ ဂတ်ပို တို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ နယ်သာလန် အသင်းရဲ့ ပွဲထွက် ကစားသမားတွေ ဖြစ်ကြကာ အဆိုပါ ပြိုင်ပွဲအပြီးမှာ ဗန်ဒိုက်ဟာ ဂတ်ပိုကို မာဆေးဆိုက်မှာ အတူ တွဲကစားဖို့ ကိစ္စနဲ့ ပက်သက်ပြီး ဖုန်းဆက်ကာ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒါနဲ့ပက်သက်ပြီး ဂတ်ပိုက “ကျွန်တော် နည်းပြနဲ့ စကားပြောဆိုနေတဲ့ အချိန်မှာ သူဟာ နည်းပြရဲ့ အခန်းထဲကို ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သူ ကျွန်တော့်ကို တွေ့သွားခဲ့ပြီး ကျွန်တော်တို့ စကား အနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော်တို့ ဖုန်းနဲ့ စကား အများကြီး ပြောဆိုဖြစ်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို ပြောခဲ့တာ ကတော့ ဒါဟာ ကျွန်တော် ပြောင်းရွေ့ဖို့ အတွက် မှန်ကန်တဲ့ ကလပ် ဖြစ်သလို ဒီထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာအောင် လုပ်ပေးနိုင်မယ့် ကလပ်လို့ ဆိုခဲ့တာပါ။ ဒါ့အပြင် လီဗာပူးဟာ တကယ့် မိသားစုလိုပဲလို့လည်း ပြောခဲ့ပါတယ်။

ကျွန်တော့်အတွက် ကတော့ ဒါဟာ အရမ်းကို အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်သာ မိသားစုကို ချစ်တဲ့သူ ဖြစ်လို့ပါ။ သူဟာ လီဗာပူးနဲ့ ပက်သက်ပြီး ကောင်းတဲ့ အရာတွေပဲ ပြောခဲ့ပါတယ်။ သူ ဒီအသင်းမှာ ရှိနေတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ တစ်ချို့ ကိစ္စတွေကို သူ့ဆီက အကူအညီ ယူနိုင်လို့ ဖြစ်ပါတယ်။ ဒီမှာ ရှိနေတဲ့ အပေါ် ကျွန်တော် တကယ် ကျေးဇူးတင်မိပါတယ်။”

လီဗာပူးမှာ ဗန်ဒိုက် ရှိနေခြင်းဟာ ဒီဆုံးဖြတ်ချက် အပေါ် လွှမ်းမိုးမှု ရှိခဲ့သလားဆိုတဲ့ မေးခွန်းကို ဂတ်ပိုက “အမှန်ပါပဲ။ သူဟာ လက်ရွေးစင် အသင်းရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ သူဟာ ကြီးမားတဲ့ personality ရှိသလို အရမ်းကို ထူးချွန်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ သူဟာ ကျွန်တော့်ကို အများကြီး ကူညီပေးနိုင်မယ့်သူပါ။ ဒါပေမယ့် ဒီကလပ်ကလည်း အရမ်းကို ကြီးကြယ်တဲ့ ကလပ် ဖြစ်ပါတယ်။ ဒီကလပ်ရဲ့ စိတ်၀င်စားမှုကို ခံခဲ့ရတာဟာ ကျွန်တော့် အတွက် တကယ်ကောင်းတဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် ဒီကို ရောက်လာခဲ့ပါပြီ။ ဒါ့ကြောင့် နှစ်ဘက်စလုံးရဲ့ လွှမ်းမိုးမှုပေါ့။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးမှာ သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ပက်သက်ပြီး “အသင်းလိုက် အနေနဲ့ တက်နိုင်သမျှ ဆုဖလားတွေ ရရှိဖို့နဲ့ ကောင်းကောင်း ကစားသွားဖို့ပါ။ ပြီးတော့ အသင်းလိုက် ဘာတွေ လုပ်နိုင်သလဲ ၊ ကျွန်တော့်ဘက်က ကစားသမား တစ်ဦး အနေနဲ့ ဘာလုပ်နိုင်သလဲ ဆိုတာကို ကမ္ဘာကြီးကို ပြသသွားဖို့ပါ။ ကျွန်တော့် အနေနဲ့ ဆက်လက် တိုးတက်ပြီး ရာသီတိုင်း ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်လာရန် ရည်မှန်းထားပါတယ်။”

SM