လိဒ်စ်နဲ့ ပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး အားမရသေးတဲ့ မှတ်ချက်မျိုး ပေးလိုက်တဲ့ ပက်ဂွာဒီယိုလာ

 

မန်စီးတီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် Boxing Day နောက်ဆုံးပွဲမှာ လိဒ်စ်ယူနိုက်တက် အသင်းကို Elland Road ကွင်းမှာ ၁ – ၃ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ အဆင့် ၂ နေရာသို့ ပြန်ရောက်လာပါတယ် ။

လက်ရှိ ချန်ပီယံဟာ ဒီပွဲမှာ အိမ်ရှင် အသင်းကို အခွင့်အရေး ဖန်တီးမှု အသာစီးနဲ့ တောက်လျှောက် ဖိကစားခဲ့ပေမယ့် ၊ အဖွင့်ဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပို ရောက်မှ ရခဲ့ပြီး ၊ ရီယဒ် မာရက်ဇ်ရဲ့ ကန်ချက်ကို လိဒ်စ်ဂိုးသမား မက်စ်လီယာ ပုတ်ထုတ်လို့ ပြန်လျှံထွက်လာတာကို ရိုဒရီက rebound ပိတ်သွင်းယူခဲ့ပါတယ် ။

 

 

ဒုတိယပိုင်းမှာလည်း စီးတီးတို့ကပဲ kill the match လုပ်နိုင်ဖို့ ဆက်တိုက် ဖိအားပေးခဲ့ပြီး ၊ ဂျက်ဂရီးလစ်ရှ် ဖန်တီးမှု ၂ကြိမ်ကနေ နော်ဝေး ဂိုးသွင်းစက် အာလင်း ဟာလန်းက အဆုံးသတ် သွင်းယူပေးခဲ့ပါတယ် ။ ဒါ့အပြင် ဟာလန်းဟာ ပွဲပြီးခါနီးမှာ ဂိုးသမားနဲ့ one vs one အနေအထားကနေ ဟက်ထရစ် ရဖို့ နီးစပ်ခဲ့ပါသေးတယ် ။

ဟာလန်းဟာ ဒီဂိုး၂ဂိုးကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဒုတိယနေရာက တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းထက် ၇ဂိုး အသာရနေပြီ ဖြစ်ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က လက်ရှိ ဟာလန်းထက် ပထမ ရာသီတပိုင်းက ဟာလန်းရဲ့ အနေအထားကို ပိုပြီး ကျေနပ်အားရမှု ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဟုတ်ပါတယ် ။ ဒီနေ့ပွဲက သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ် ။ ဒါပေမယ့် ဒီရာသီ အစပိုင်းတုန်းက သူဟာ အပြေးအား ပိုကောင်းကောင်းနဲ့ ကစားနိုင်ခဲ့တာပါ ။ အခုတော့ သူ နည်းနည်းပါးပါး ရုန်းကန်ကောင်း ရုန်းကန်နေရပါတယ် ။ ”

” ဒါပေမယ့် အချိန်က စကားပြောသွားမှာပါ ။ သူနဲ့ ပတ်သက်ပြီး ကျေနပ်တယ် ဆိုတာထက်တော့ ပိုနေပါပြီ ။ ဒါပေမယ့် ကျွန်တော့စိတ်ထဲမှာ ဒီရာသီ ပထမပိုင်းက သူ့ရဲ့ ခြေစွမ်းက ပိုပြီး ထက်မြက်တယ်လို့ ခံစားနေရဆဲပါ ။ သူ့ရဲ့ ရွေ့လျားပုံ အစစအရာရာကို ကျွန်တော် ကြည့်တဲ့အခါ ၊ သူဟာ အခုထက် နည်းနည်းပါးပါး ပိုပြီး လုပ်နိုင်သေးတယ်လို့ ယုံကြည်ပါတယ် ။ ”

” ဒေါ့မွန်မှာတုန်းက သူဟာ ကာလရှည် ဒဏ်ရာ ရခဲ့ဖူးပါတယ် ။ ဘရန်းဖို့ဒ်နဲ့ ပွဲတုန်းကလည်း သူဟာ အပြည့်အဝ ကြံ့ခိုင်မှု မရှိပဲ ကစားခဲ့ရတာပါ ။ အဲဒီနောက် အားလပ်ရက် တလတာ ဖြတ်သန်းအပြီး လေ့ကျင့်မှုတွေ ပြန်စတာတောင် သူ ကြံ့ခိုင်မှု မပြည့်ခဲ့ပါဘူး ။ ”

” အဘူဒါဘီမှာ ကျွန်တော်တို့ရဲ့ ထရိန်နင် camp ရှိခဲ့ပေမယ့် ၊ နောက်ဆုံးတရက်လောက်က လွဲပြီး ကျန်တဲ့ရက်တွေ သူ လုံးဝ မလေ့ကျင့်နိုင်ခဲ့ပါဘူး ။ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကို သယ်ဆောင် ရွေ့လျားရတာက သူ့အတွက် တကယ်ကို မလွယ်တာပါ ။ ဒါပေမယ့် ရသလောက် မိနစ်တွေ သူ ကစားပေးနေတာကြောင့် မကြာခင် ဒီထက် ပိုကောင်းလာမှာပါ ။ ”

” အဘူဒါဘီမှာ မလေ့ကျင့်ခဲ့ရတာကြောင့် ဂျီရိုနာနဲ့ ခြေစမ်းပွဲမှာတောင် သူ မိနစ် ၄၀ – ၄၅ မိနစ်လောက်ပဲ ကစားနိုင်ခဲ့ပါတယ် ။ အဲဒီနောက် သူ လှုပ်လို့တောင် မနိုင်ခဲ့ပါဘူး ။ သူ ခြေကုန်လက်ပမ်းကျခဲ့ပါတယ် ။ နောက်တော့ လီဗာပူးနဲ့ ပွဲမှာ သူ မိနစ် ၇၀ကျော် ကစားခဲ့ပြီး ၊ အံ့သြဖွယ် ဂိုးတဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ”

” သူ ဒီမှာ လုပ်ပြနေတာတွေက နော်ဝေး ၊ ဆဲလ်ဇ်ဘာ့ဂ် ၊ ဒေါ့မွန် အသင်းတွေမှာ လုပ်ပြခဲ့ဖူးတဲ့ အရာတွေ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဖက်က လုပ်ပေးနိုင်တာက ပိုကောင်းတဲ့ အသင်းလိုက် ကစားပုံနဲ့ သူ့ကို ဖန်တီးမှုတွေ ပိုလုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ် ။ ဒီရာသီ ပထမပိုင်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို လီဗာပူးနဲ့ ပွဲက ပထမမိနစ် ၊ ဒီနေ့ပွဲက ဒုတိယမိနစ်တွေမှာ ဖြစ်ပါတယ် ။ ”

” ဂိုးတွေ သူ သွင်းနိုင်ခဲ့ပေမယ့် ၊ ဒါတွေဟာ ထက်မြက်မှု လျော့နည်းနေတဲ့ အချက်အလက်တွေ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဖြတ်တင်ဘောတိုင်း ၊ တိုက်စစ်ဆင်ပုံတိုင်းမှာ အမြဲရှိနေပြီး ၊ ဒါက သူ့ရဲ့ အံ့သြဖွယ် ပါရမီ ဖြစ်ပါတယ် ။ ပင်နယ်တီ ဧရိယာထဲမှာ ဘာလုပ်ရမယ် ဆိုတာ ကျွန်တော် သူ့ကို ဘာတခုမှ မသင်ပေးရပါဘူး ။ ရွေ့လျားပုံ ကောင်းသလို ၊ ဘောလုံး ဘယ်နေရာမှာ ရောက်လာမလဲ ဆိုတာ သူ ကောင်းကောင်း သိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR