ချဲလ်ဆီးတို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ မိုနာကို စတားနဲ့ ပတ်သက်ပြီး တုန့်ပြန်လာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ နော်ဝေး ကလပ် မိုလ်ဒီ အသင်းမှ အသက် ၂၀နှစ် အရွယ်ရှိ အိုင်ဗရီကို့စ် လူငယ် တိုက်စစ်မှူး ဒေးဗစ်ဒတ်ထရို ဖိုဖာနာကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွက် ပထမဆုံး ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီးဟာ ဒီဇန်နဝါရီမှာပဲ ကွင်းလယ် တနေရာ ၊ ညာနောက်ခံလူ တနေရာစာ ထပ်ပြီး အင်အား ဖြည့်တင်းလိုနေပါတယ် ။ ဖိုဖာနာကို ခေါ်ယူခဲ့ပြီးနောက် ချဲလ်ဆီးဟာ မိုနာကို အသင်းရဲ့ အသက် ၂၁နှစ် အရွယ် ၊ ပြင်သစ်လူငယ် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ကို ယူရို ၃၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ် ။

မနေ့ည က ကစားခဲ့တဲ့ အော်ဇေး အသင်းနဲ့ ပြင်သစ်လီဂူးဝမ်းပွဲမှာ ဘတ်ဒီယာရှီးလ်ဟာ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ၊ ဒါဟာ ၄င်း ချဲလ်ဆီးသို့ ပြောင်းရွှေ့မယ့် အရိပ်အယောင် ဖြစ်တယ်လို့ ယူဆရပါတယ် ။ ဘုန်းမောက်နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ယင်းမိုနာကိုစတားနဲ့ ပတ်သက်တဲ့ အမေးကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။

ပေါ်တာ က ” ဒီမေးခွန်း အတွက် ကျွန်တော့ရဲ့ အဖြေက ချဲလ်ဆီး ကစားသမား မဟုတ်တဲ့ ဘယ်သူ့အကြောင်းမဆို မှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး ။ ဒီအသင်းနဲ့ သတင်းတွေ ထွက်နေတဲ့ ကစားသမား အများကြီး ရှိနေပြီး ၊ ကျွန်တော်ကတော့ အယောက်တိုင်းနဲ့ သတင်းထွက်နေတာကို ခင်ဗျား အတွက်ရော ၊ ကိုယ့်အတွက်ပါ အချိန်ကုန်ခံပြီး မပြောချင်ပါဘူး ။ ”

” အသင်း တိုးတက်အောင် နောက်ကွယ်ကနေ ပံ့ပိုးပေးဖို့က ကလပ်ရဲ့ တာဝန် ဖြစ်တယ် ဆိုတာ ကျွန်တော် အမြဲ ပြောဖူးပါတယ် ။ ဒါပေမယ့် ကျွန်တော့ အလုပ်က ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေး တိုးတက်အောင် လုပ်ဖို့ ဖြစ်ပါတယ် ။ ဒီအပေါ်မှာသာ ကျွန်တော်တို့ ဆက်လက် အာရုံစိုက်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂရေဟမ် ပေါ်တာ က ပိုင်ရှင်သစ်တွေဆီက ထောက်ခံမှု ရထားကြောင်းကို ” ကျွန်တော်ကတော့ ကလပ်ပိုင်ရှင်တွေ အသင်းကို ဘယ်အဆင့်ဆီ ပို့ဆောင်ချင်လဲ ဆိုတာ ကောင်းကောင်း နားလည်မယ်လို့ မျှော်လင့်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်က နောက်ပိုင်းပွဲတွေမှာ ကစားပုံ မကောင်းခဲ့ဘူး ၊ လိုချင်တဲ့ ပုံစံမျိုး ရမနေခဲ့ဘူး ဆိုတာကိုလည်း နားလည်ရပါမယ် ။ ”

” ဒီလို အခြေအနေ အပေါ် လူတိုင်းက စိတ်ပျက်ကြမှာပါပဲ ။ ကျွန်တော်လည်း မနုံအပါဘူး ။ လူတွေက ကျွန်တော် တော်သလား ၊ ညံ့သလား ဆိုတာ ပြောကြမှာပါပဲ ။ ကျွန်တော့ရဲ့ ပရော်ဖက်ရှယ်နယ် ဘဝ တလျှောက် ဒါတွေအားလုံး ဖြစ်ပျက်ခဲ့တာပါ ။ ”

” အော်စတာဆမ်းစ်မှာတုန်းက ကျွန်တော်ရဲ့ အစပိုင်း ၁၈လ အတွင်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုက်မှာ ရှာကြည့်ရင် ပေါ်တာဟာ အမှိုက်သရိုက်ပဲလို့ မှတ်ယူမိမှာပါ ။ ဒါက ပုံမှန်ပါပဲ ။ ဒီအခန်းထဲက လူတွေလည်း ထိုနည်းတူ တွေးကြမှာပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော်ကတော့ သိသာထင်ရှားတဲ့ မှတ်တမ်းရပ်ရာ အများအပြားကို ခင်ဗျားတို့ အတွက် မျှဝေပေးလို့ ရပါတယ် ။ ကံကောင်းစွာနဲ့ ပိုင်ရှင်သစ်တွေမှာ ကျွန်တော်နဲ့ တူညီတဲ့ အတွေးအမြင်တွေ ရှိကြပါတယ် ။ နောက်ပြီး သူတို့တွေဟာ ကျွန်တော့ အပေါ် အများကြီး ပံ့ပိုးပေးထားကြပါတယ် ။ ”

” ဒါပေမယ့် ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အရတော့ အသင်းက ပြီးပြည့်စုံတဲ့ အနေအထားမှာ ရှိမနေပါဘူး ။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ ဝေဖန်မှုတွေကို လက်သင့်ခံရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR