သူတို့ရဲ့ ချန်ပီယံဆုကို ခြိမ်းခြောက်နေတဲ့ အာဆင်နယ်အသင်း နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခုလိုက်တဲ့ ဂွာဒီယိုလာ

 

တနင်္လာနေ့ညမှာ ဝက်စ်ဟမ်း အသင်း ကို အနိုင်ရပြီးနောက် အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်း ထက် တစ်ပွဲပို ကစားပြီး ရမှတ် ၈ မှတ် အထိ ဖြတ်လိုက် နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒုတိယ နေရာ ရောက်လာတဲ့ နယူးကာဆယ် အသင်းကိုလည်း ရမှတ် ၇ မှတ် အထိ ဖြတ်ထား နိုင်ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ ကတော့အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းကို လိုက်မှီဖို့ ဆိုရင် သူတို့ အမှားတွေ ထပ်လုပ်လို့ မရတော့ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး ပွဲမှာ ဘရန့်ဖိုဒ့် အသင်းကို အိမ်ကွင်းမှာ အရေးနိမ့် ခဲ့တာကြောင့် အာဆင်နယ် အသင်း နဲ့ ရမှတ် ၅ မှတ် အထိ ကွာဟ သွားခဲ့တာပါ ။ ဒီတစ်ပတ်မှာလည်း အာဆင်နယ် အသင်းဟာ အရင်ကစားပြီး နိုင်ပွဲ ရသွားခဲ့တာကြောင့် မန်စီးတီး အသင်း နဲ့ ရမှတ် ၈ မှတ် အထိ ကွာဟ သွားခဲ့ပြီ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ ဒီနေ့ညမှာ လိဒ်ယူနိုက်တက် အသင်းကို အနိုင်ရမှပဲ အာဆင်နယ် အသင်း နဲ့ အမှတ် ကွာခြားချက်ကို လျှော့ချ နိုင်မှာပါ ။ မန်စီးတီး အသင်းဟာ ဇန်နဝါရီလအတွင်းမှာ ချဲလ်ဆီး ၊ မန်ယူနိုက်တက် ၊ တော့တင်ဟမ် နှင့် ဝုလ်ဗာဟမ်တန် အသင်းတို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေတဲ့ အသင်း ပါ ။

ဒါ့အပြင် မန်စီးတီး အသင်းဟာ အက်ဖ်အေဖလား မှာ ချဲလ်ဆီး ၊ EFL ဖလားမှာ ဆောက်သမ်တန် အသင်းတို့နဲ့လည်း ကစားရဖို့ ရှိပြီး ၁၈ ရက် အတွင်း ၆ ပွဲ အထိ ကစားရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ ဆိုရင် သူတို့ အသင်း အမှား လုပ်လို့ မရတော့ကြောင်း ဆိုသွား ခဲ့ပါတယ် ။

” ဘရန့်ဖိုဒ့် အသင်း ကို ရှုံးနိမ့် ခဲ့ရတဲ့နောက် ကျနော်တို့ ပွဲတိုင်းကို သတိထား ကစားဖို့ လိုအပ် လာခဲ့ပါပြီ ။ အာဆင်နယ် အသင်းကလည်း သိပ်ကို သန်မာတဲ့ အသင်း တစ်သင်း ဖြစ်ကြောင်း ဖြစ်သလို ၊ ကျနော်တို့ နောက်ကနေ တပ်ကြပ်မကွာ လိုက်နေတဲ့ ပြိုင်ဘက် အသင်းတွေလည်း ရှိနေပါတယ် ။ ”

” သူတို့နဲ့ အမှတ်ကွာဟချက် ကြီးမားသွားရင် ကျနော်တို့ အသင်း အတွက် လိုက်မှီဖို့ ခက်ခဲ သွားမှာ အသေအချာပါပဲ ။ ကျနော်တို့ လိဒ် နဲ့ ကစားပြီးရင် မနားတမ်း ဆက်ကစားရမှာပါ ။ ဇန်နဝါရီလအတွင်း ကျနော်တို့ အသင်း ရဲ့ ပွဲစဉ် ဇယား က အတော်လေး ကြပ်တည်း ဆိုးရွားပါတယ် ၊ ပြိုင်ဘက် အသင်းတွေကလည်း အရည်အသွေး ရှိကြပါတယ် ။ ”

” ဒါကြောင့် ကျနော်တို့ အနေနဲ့ ရလဒ်ကောင်းတွေ ပြန်လည် ရယူ နိုင်ဖို့ လိုအပ်ပါတယ် ၊ လီဗာပူး နဲ့ ပွဲမှာ ကျနော်တို့ လုပ်ပြ နိုင်ခဲ့သလိုမျိုး ရှေ့လာမယ့် ပွဲတွေမှာလည်း ဆက်လုပ်ပြ နိုင်ဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM