ယူနိုက်တက်တို့ အင်အား ဖြည့်တင်းသင့်တဲ့ နေရာ 3 ခုကို ထုတ်ပြောလိုက်တဲ့ ပတ်ထရစ် အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ပတ်ထရစ် အီဗရာက သူ့ရဲ့ အသင််းဟောင်း အနေနဲ့ မကြာခင် လှုပ်ရှားရတော့မဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်ထဲမှာ နေရာသုံးခုကို အင်အားဖြည့်တင်းဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းဆီ ရောက်ရောက်ချင်းမှာပဲ မလိုအပ်တဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးခဲ့ပြီး တိုင်ရယ် မာလာစီယာ ၊ ခရစ္စတီယံ အဲရစ်ဆင် ၊ လီဆန်ဒရို မာတီနက်ဇ် ၊ ကာစီမီရို နဲ့ အန်တိုနီ တို့ကို အပြီးသတ် ခေါ်ယူသွားခဲ့ပါတယ် ။

ဒါ့အပြင် အရန်ဂိုးသမား နေရာအတွက် အဲရစ် တန်ဟတ်ဟာ နော်တင်ဟမ် ဖောရက်စ် အသင်းဆီ အငှားထွက်သွားတဲ့ ဒင်းန် ဟန်ဒါဆန် ရဲ့ နေရာကို ပြန််လည် အင်အား ဖြည့်တင်းဖို့ နယူးကာဆယ် အသင်း မှ မာတင် ဒူဗရက်ကာ ကိုလည်း အငှား ခေါ်ယူဖြစ်ခဲ့ပါတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ယူနိုက်တက် တို့ဟာ အသင််းနဲ့ လမ်းခွဲခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာကို အင်အား ဖြည့်တင်းဖို့ အတွက် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေခဲ့ရပါတယ် ။ ဒါပေမဲဲ့ အခုချိန်ထိ သတင်းထူး မရှိခဲ့ရသေးပါဘူး ။

အခုတော့ Betfair ရဲ့ သံအမတ် အဖြစ် ပရိုမိုးရှင်း ပွဲမှာ ပါဝင်ခဲ့ရတဲ့ ပတ်ထရစ် အီဗရာက ဆောင်းရာသီ စျေးကွက််ထဲ ယူနိုက်တက်တို့ ဘယ်နေရာတွေကို အင်အားဖြည့်တင်းရမလဲလို့ အမေးခံလိုက်ရချိန်မှာတော့ တိုက်စစ်အပြင်် နောက်ထပ် နေရာ နှစ်ခုရှိသေးကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ခင်ဗျားတို့ အသင်းကို အမြဲတမ်း အင်အား ဖြည့်တင်းနိုင်ဖို့ တွေးတောနေကြမှာပါပဲ ။ ဒါပေမဲ့ ကျွန်တော်ဖက်က စျေးကွက်ထဲ ဇွတ်အတင်းဝင်ပြီး ကစားသမားတွေ ခေါ်ချင်တိုင်း ခေါ်တာမျိုး မနှစ်သက်လှပါဘူး ။ ပရိသတ်တွေနဲ့ မီဒီယာတွေက တွန်းအားပေးလို့ လူခေါ်ရတာမျိုး မဖြစ်စေချင်ပါဘူး ”

” ကျွန်တော်တို့ အနေနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြနိုင်အောင် လိုအပ်တဲ့ကစားသမားတွေကိုပဲ ရွေးချယ်ခေါ်ယူသင့်ပါတယ် ။ ကျွန်တော်တို့ တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူဖို့ တကယ်ပဲ လိုအပ်နေမှာပါ ။ ဒါပေမဲ့ ညာခံစစ်် နေရာအတွက် လူလိုမလားတော့ မပြောတတ်ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ၊ ဗဟို ခံစစ်မှူး နဲ့ ကွင်းလယ်လူ တစ်ယောက်စီ လိုအပ်နေတယ်လို့ ကျွန်တော် သေချာပေါက် တွေးထင်မိပါတယ် ။ ကွင်းလယ်အတွက် ကာစီမီရိုလို ကစားသမားမျိုးပေါ့ ။ အဲရစ် တန်ဟတ် က အဲ့ဒီအတွက် အလုပ်လုပ်နေပြီး ဖြေရှင်း နိုင်မယ်လို့ ထင်မိပါတယ် ”

” ဘယ်သူတွေကို ခေါ်မလဲဆိုတာက ဘယ်သူတွေ ထွက်မလဲဆိုတဲ့ အပေါ်လည်း မူတည်နေပါတယ် ။ ကစားခွင့် မရလို့ မပျော်မရွှင်ဖြစ်ပြီး အသင်းက ထွက်ခွာချင်နေတဲ့သူတွေလည်း ရှိကောင်းရှိနေမှာ အသေအချာပါပဲ ” လို့ အီဗရာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar