ဘုန်းမောက်နဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး စတား တဦး အပေါ် ချီးကျူးလိုက်တဲ့ ဂျိုကိုးလ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘုန်းမောက် အသင်းကို ပထမပိုင်းက ဂိုးတွေနဲ့ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ နောက်ဆုံး ၅ပွဲဆက် နိုင်ပွဲပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ၊ ၂၀၂၂ ကို နိုင်ပွဲနဲ့ အတူ နှုတ်ဆက်နိုင်လိုက်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ အထောင်တိုက်စစ်မှူးစစ်စစ် ပီယာအမ်းမရစ် အူဘားမီးယန်းကို အရန်ခုံမှာသာ ထားခဲ့ပြီး ၊ ဘရန်းဖို့ဒ်နဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ဂျာမန် နောက်ချန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို ပွဲထုတ်ခဲ့ပါတယ် ။

ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲမှာ ဂျာမနီ အသင်း အတွက် ၂ဂိုး သွင်းနိုင်ခဲ့တဲ့ ဟာဗက်ဇ်ဟာ သူ့ရဲ့ ဂိုးသွင်းပုံစံကောင်းကို မနေ့ညက ပွဲမှာ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကာ ၊ အဖွင့် ဦးဆောင်ဂိုးကို တောင်ပံ ကစားသမား ရာဟင်း စတာလင်ရဲ့ ဖန်တီးမှုမှတဆင့် သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဟာဗက်ဇ်ဟာ မေဆင်မောင့်ရဲ့ ဒုတိယဂိုး အတွက်ပါ အနီးကပ် ဘောလုံးပေးပို့မှု လုပ်နိုင်ခဲ့ကာ ၊ အသင်းရဲ့ တိုက်စစ် ၊ တန်ပြန်တိုက်စစ် ပုံဖော်မှုတွေမှာ အခရာကျခဲ့ပါတယ် ။ ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကတော့ သွင်းဂိုးတွေ ပြန်ရှာတွေ့နေတဲ့ ကိုင်ဟာဗက်ဇ်ကို အခုလိုပဲ အထူးတလည် ချီးကျူးသွားခဲ့ပါတယ် ။

Amazon Prime Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဂျိုကိုးလ် က ” ကိုင်ဟာဗက်ဇ်ဟာ တကယ်တော်တဲ့ ကစားသမား တဦးပါ ။ ဒီညမှာ သူ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ သွင်းဂိုးကောင်း တဂိုးနဲ့ ဖန်တီးမှု တကြိမ် လုပ်နိုင်ခဲ့ပါတယ် ။ ကျွန်တော်ကတော့ သူဟာ ချဲလ်ဆီး အတွက် အထောင်တိုက်စစ်မှူး ဖြစ်တယ်လို့ ထင်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ သူ့ကို အခုထက် ပိုပြီး မာမာထန်ထန် ဆော့စေချင်ပါတယ် ။ ဒီနေ့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး လုပ်ပြဖို့ ကျွန်တော်တို့ အလိုရှိပါတယ် ။ ဂိုးတွေ သွင်းနိုင်ဖို့ ဒီနေ့မှာ ဂိုးရမယ့် နေရာဆီ အတင်းဝင် ဝင်ကစားတာမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂရေဟမ် ပေါ်တာ လက်ထက် ပြိုင်ပွဲစုံ သွင်းဂိုး ၄ဂိုး ရထားပြီး ဖြစ်တဲ့ ဟာဗက်ဇ်က ပွဲအပြီး ချဲလ်ဆီးတီဗွီနဲ့ တွေ့ဆုံခဲ့ရာမှာ မနေ့ညက သူ့ရဲ့ သွင်းဂိုး အကြောင်း မှတ်ချက်ပေးရင်း ၊ နှစ်သစ်မှာ နိုင်ပွဲတွေ ဆက်တိုက် ရယူဖို့ အခုလိုပဲ မက်ဆေ့ခ်ျပေးခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ဒီနေ့ နိုင်ပွဲနဲ့ သွင်းဂိုးတွေက ကျွန်တော်တို့ကို ယုံကြည်မှု အချို့ ပေးနိုင်ဖို့ မျှော်လင့်ရပါတယ် ။ ဒါက အရေးပါတဲ့ နိုင်ပွဲ တပွဲပါ ။ ကျွန်တော်တို့ အနေနဲ့ ရှေ့ဆက် အနိုင်ရဖို့ လိုပါတယ် ။ ရမှတ်တွေ ကျွန်တော်တို့ လိုအပ်ပါတယ် ။ ”

” ရှေ့လာမယ့် ပွဲစဉ်တွေမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသရပါလိမ့်မယ် ။ နည်းပြကြီး က ကျွန်တော့ကို ကွင်းတွင်း သက်တောင့်သက်သာ ရှိစေမယ့် နေရာမှာ လွတ်လွတ်လပ်လပ် ကစားခွင့် ပေးထားပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင်ကလည်း ပင်နယ်တီ ဧရိယာ အတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှား ကစားရတာ ကြိုက်ပါတယ် ။ သူဟာ ကျွန်တော့ကို ယုံကြည်မှု အများကြီး ပေးပါတယ် ။ ( အဖွင့်ဂိုးနဲ့ ပတ်သက်ပြီး ) ရာဟင်းမှာ ဒီလို vision ရှိတာ ကျွန်တော် သိပါတယ် ။ ”

” သူဟာ ဒီလို ဘောလုံးဖြန့်ပေးရတာတွေကို ကြိုက်နှစ်သက်ပါတယ် ။ ဒါက ပြီးပြည့်စုံတဲ့ ဖန်တီးမှု တခု ဖြစ်ပြီး ၊ ဒီဂိုးကို သွင်းခဲ့ရလို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR