ပထမပိုင်း သွင်းဂိုးတွေနဲ့ ခြင်္သေ့ပြာတို့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့တဲ့ ချဲလ်ဆီး ၂ – ၀ ဘုန်းမောက် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

 

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ နောက်ဆုံး ၅ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တန်းတက် ဘုန်းမောက် အသင်းကို ထိန်းထိန်းသိမ်းသိမ်း ကစားပြီး ၂ – ၀ ရလဒ်နဲ့ အနိုင်ရလဒ် ပြန်ရှာနိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 7 )

ဧည့်သည် အသင်းရဲ့ တိုက်စစ် ခြိမ်းခြောက်မှု ဘာမှ ထွေထွေထူးထူး မရှိတာကြောင့် ကီပါဟာ ဒီရာသီ ၆ပွဲမြောက် Clean Sheet ကို ရယူသွားနိုင်ခဲ့ပါတယ် ။

နောက်တန်း – ရိစ်ဂျိမ်းစ် ၊ သီယာဂို ဆေးလ်ဗား ( Rating 7 ) ၊ ကာလီဒူ ကူလီဘာလီ ( Rating – 6 ) ၊ မာ့ခ်ကူကူရယ်လာ ( Rating – 7 )

ဒူးဒဏ်ရာက ပြန်လာပြီးနောက် ပထမဆုံး ကစားခွင့် ပြန်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရိစ်ဂျိမ်းစ် တယောက် ကျစ်လျစ်တဲ့ ခြေစွမ်းမျိုး ပြနိုင်ခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ ဒုတိယပိုင်း အစပိုင်းမှာ ဒဏ်ရာ ရလို့ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာနဲ့ လူစားလဲ ခံခဲ့ရပါတယ် ။

ဘယ်ခြမ်းက ကူကူရယ်လာဟာလည်း ကမ္ဘာ့ဖလား break ကာလ အတွင်း ထရိန်နင် ကောင်းကောင်း ရခဲ့ပြီးနောက် ၊ အားရဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ် ။ ဝါရင့် ခံစစ်မှူး အတွဲကတော့ တာဝန်ကျေသင့်သလောက် ကျေခဲ့ပေမယ့် ၊ ကူလီဘာလီဟာ ပထမပိုင်း အတွင်း ခံစစ် အမှား တချို့ ကျူးလွန်ခဲ့သလို သီယာဂို ဆေးလ်ဗားဟာလည်း ပထမပိုင်း ပြီးခါနီးမှာ ဘောလုံး ပေးပို့ပုံ လွဲမှားခဲ့ပါတယ် ။

ကွင်းလယ် – ဒင်းနစ် ဇာကာရိုင်းယား ( Rating – 7 ) ၊ မေဆင်မောင့် ( Rating – 8 ) ၊ ဂျော်ဂျင်ဟို ( Rating – 6 )

ဆွစ်ဇာလန် အတွက် ကမ္ဘာ့ဖလား တပွဲမှ ပွဲမထွက်ခဲ့ရတဲ့ ဇာကာရိုင်းယား ဟာ မနေ့ညကတော့ အသင်းသစ် အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရခဲ့ကာ ၊ မောင့်ရဲ့ ဂိုးမှာ အထူး တာဝန်ကျေခဲ့ပါတယ် ။ ကွင်းလယ် Box-to-Box နေရာမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ၊ ဒုတိယပိုင်းမှာတော့ ဘောလုံး ပေးပို့ပုံ အမှားအယွင်း အနည်းငယ် ရှိခဲ့ပါတယ် ။

အီတလီကြောင့် ကမ္ဘာ့ဖလား မဆင်နွှဲခဲ့ရတဲ့ ဂျော်ဂျင်ဟိုကတော့ ဒီပွဲမှာ ကွင်းလယ် အထိုင် နေရာ ကစားခဲ့ရပြီး ၊ ပထမပိုင်းမှာ ဘောလုံး ထိန်းချုပ်ပုံ မသေသပ်မှုတွေ ရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်း ပွဲထိန်း ကစားရမှာတော့ အခရာကျခဲ့ပါတယ် ။

ကမ္ဘာ့ဖလားမှာ အင်္ဂလန် အတွက် နောက်ဆုံး ၃ပွဲ ပွဲမထွက်ခဲ့ရတဲ့ မောင့်ကတော့ အဖိုးတန် ဒုတိယ ဦးဆောင်ဂိုးကို ပင်နယ်တီ ပြင်ပကနေ လှလှပပ first shot ကန်သွင်း အဆုံးသတ်ပေးခဲ့ပါတယ် ။ ဒုတိယပိုင်းမှာလည်း ၄င်းရဲ့ ကန်ချက် တကြိမ်ကို ဘုန်းမောက် ဂိုးသမား ကာကွယ်ခဲ့ရပါတယ် ။

 

တိုက်စစ် – ရာဟင်း စတာလင် ( Rating – 8 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 9 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 7 )

ဆဲလ်ဇ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်ပွဲ နောက်ပိုင်း အားရစရာကောင်းတဲ့ တိုက်စစ် ကစားဟန်ကို ပြန်မြင်ခဲ့ရပြီး ၊ ညာခြမ်းက စတာလင်ကို ဘုန်းမောက် ခံစစ်က ပထမပိုင်း တပိုင်းလုံး ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အဖွင့်ဂိုးကို စတာလင်ကပဲ ချိန်သားကိုက် ဖန်တီးပေးခဲ့ကာ ၊ ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့ ၊ နောက်ထပ် ဂိုးတွေ အတွက် ဖန်တီးမှု လုပ်ပေးနိုင်ဖို့ကိုလည်း ကြိုးစား အားထုတ်နိုင်ခဲ့ပါတယ် ။

အထောင် တိုက်စစ် နေရာက ကစားခဲ့ရတဲ့ ဟာဗက်ဇ်ကတော့ တံခါးပိတ် ခြေစမ်းပွဲမှ ဟက်ထရစ် ရခဲ့တဲ့ ယုံကြည်မှုကို ဆက်လက် သယ်ဆောင်နိုင်ခဲ့ပြီး ၊ အဖွင့် ဦးဆောင်ဂိုးမှာ နေရာယူ မှန်ကန်ခဲ့ကာ ၊ ဒုတိယ ဦးဆောင်ဂိုး အတွက်လည်း မောင့်ကို အနီးကပ် ဘောလုံး ထိုးပေးနိုင်ခဲ့ပါတယ် ။

ကမ္ဘာ့ဖလားမှာ အမေရိကန် အတွက် MVP ဖြစ်ခဲ့တဲ့ ပူလီဆစ်ကတော့ ဒီပွဲမှာ ကျန်တိုက်စစ်ကစားသမားတွေလို သွင်းဂိုး ပါဝင် ပတ်သက်မှု မရှိခဲ့ပေမယ့် ၊ တန်ပြန်တိုက်စစ်တွေက ၄င်းရဲ့ အတိုးအလှုပ်တွေ ကောင်းခဲ့ပြီး ၊ ကံဆိုးခဲ့တာကြောင့် သွင်းဂိုး တဂိုးနဲ့ ပင်နယ်တီ တကြိမ် မရခဲ့တာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – ဆီဆာ အက်ဇ်ပီလီကွီတာ ( Rating – 6 ) ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ၊ ကော်နာ ဂေါ်လဂါ ၊ ထရက်ဗာ ချာလိုဘာ ( N/A )

SPORTS MYANMAR