ဂတ်ပို ရောက်ရှိလာပြီးနောက် လီဗာပူးကနေ အငှားထွက်ခွာသင့်တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဟတ်တန်

စကော့တလန် လက်ရွေးစင်ဟောင်း အလန်ဟတ်တန်က လီဗာပူးတို့ ကိုဒီဂတ်ပိုကို ‌PSV အသင်းထံမှ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် လီဗာပူး လူငယ်ကြယ်ပွင့် ဘန်ဒုတ် အနေနဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူး ကနေ အငှားထွက်ကစားရန် လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဂတ်ပို အတွက် ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူရန် PSV နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ကစားသမား အနေနဲ့ ယူကေမှာ ဆေးစစ်မှု အောင်မြင်ပါက လီဗာပူးနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ လူးဝစ်ဒီယက် နဲ့ ဂျိုတာ တို့ရဲ့ ကာလရှည် ဒဏ်ရာပြသနာတွေ အပြင် ဖာမီနိုကလည်း ဒဏ်ရာရနေတာကြောင့် တိုက်စစ်ပိုင်းမှာ အင်အားလျော့နည်းလျက် ရှိနေပြီး ဒီကိစ္စတွေကြောင့် top 4 မျှော်လင့်ချက်ကို မစွန့်လွှတ်ရစေဖို့ အတွက် ယခုလိုပဲ ဈေးကွက်မဖွင့်ခင် လျှင်လျှင်မြန်မြန် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမားတွေ ပြန်စုံလာမယ့် အချိန်မှာတော့ လီဗာပူးရဲ့ တိုက်စစ်ပိုင်းဟာ တကယ့်ကို ကြောက်စရာ ဖြစ်ပြီး ကလော့ အတွက်လည်း လူရွေးချယ်ရ ခက်ခဲမှာ ဖြစ်ပါတယ်။

ဂတ်ပိုကို ခေါ်ယူလိုက်ခြင်းကြောင့် ထိခိုက်မှု ရှိသွားနိုင်တဲ့ ကစားသမားကတော့ အသက် ၁၇ နှစ်အရွယ် စကော့တလန် လူငယ်ကြယ်ပွင့် ဘန်ဒုတ်ပဲ ဖြစ်ပြီး ၎င်းဟာ ယခုနှစ် အစောပိုင်းက ဆဲတစ်ကနေ လီဗာပူးကို ပေါင် ၆ သိန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် အသင်းကြီးမှာ လျှင်မြန်စွာနဲ့ နေရာရလာသူ ဖြစ်ပါတယ်။ဘန်ဒုတ်ဟာ ပြီးခဲ့တဲ့လက ဒါဘီနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပထမဦးဆုံး စီနီယာ ပွဲထွက်ခွင့်ကို ရရှိခဲ့သလို တနင်္လာနေ့က ဗီလာကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ကို ရရှိခဲ့ပြီး အသင်းကြီးမှာ နေရာတစ်နေရာ ရယူနိုင်မယ့် လမ်းစကို ရှာတွေ့နေပါတယ်။

စကော့လန် လက်ရွေးစင်ဟောင်း အလန်ဟတ်တန်က လီဗာပူး အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ဘန်ဒုတ်ကို အခြားကလပ်တစ်ခုထံ အငှားချကာ ပထမအသင်းကြီး အအတွေ့အကြုံကို ရှာဖွေခွင့်ပြုသင့်တယ်လို့ ပြောလိုက်ပါတယ်။

ဟန်တန်က “အမှန်ပါပဲ။ ဘန်ဒုတ် အနေနဲ့ ဇန်နဝါရီမှာ အငှားထွက် ကစားဖို့အတွက် ကြိုးစားသင့်ပါတယ်။ ကလော့ဟာ အနာဂတ်မှာ သူ့ကို လီဗာပူးရဲ့ first line-up မှာ နေရာရလာနိုင်မယ့် သူအဖြစ် မြင်ထားတယ်လို့ ကျနော် ထင်ပါတယ်။ ပေမယ့် လက်ရှိမှာတော့ သူ့အတွက် အချိန် မဟုတ်လောက်သေးပါဘူး။ ဘာလဲဆိုတော့ သူတို့ဟာ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် အခြား ကစားသမား တစ်ဦးကို ခေါ်ယူတော့မှာ မို့လို့ပါပဲ။

ဘန်ဒုတ်လို ကစားသမားမျိုးဟာ အနာဂတ် အတွက် ရည်ရွယ်ထားတဲ့ ကစားသမား ဆိုတာ သိသာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒီလူငယ် ကစားသမားတွေကို အသင်းကြီးမှာ နေရာပေးသွားဖို့ အတွက် အခက်အခဲ ရှိနေတယ်ဆိုရင် သူတို့ကို ပုံမှန် ကစားခွင့် ရနိုင်ပြီး စီနီယာကစားသမား အတွေ့အကြုံကို ရှာဖွေနိုင်တဲ့ ကလပ်တစ်ခုခုကို အငှားထွက်ခွာခွင့် ပြုသင့်ပါတယ်။

ဒါပေမယ့် ဒါဟာ ကစားသမား အတွက် မှန်ကန်တဲ့ ကလပ် ဖြစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လီဗာပူးရဲ့ ကစားဟန်နဲ့ နီးစပ်မှုရှိတဲ့ ကလပ်ကို အငှားချရမှာပါ။ မှန်ကန်တဲ့ ကလပ်ကို ရှာ‌တွေ့ပြီ ဆိုရင် သူ့ကို အငှားထွက်ခွာခွင့် ပြုမယ်လို့ ကျကျနော် မျှော်လင့်ထားပါတယ်။” လို့ဆိုလိုက်ပါတယ်။

SM