ကိုဒီဂတ်ပိုရဲ့ အပြောင်းအရွေ့အတွက် လီဗာပူးတို့ အချိန် ဘယ်လောက်ယူခဲ့ရသလဲ?

လီဗာပူးဟာ ယနေ့မနက် အစောပိုင်းက နယ်သာလန် လက်ရွေးစင် ကိုဒီဂတ်ပိုကို PSV ကနေ ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်ကာ အသက် ၂၃ နှစ်အရွယ် ဂတ်ပိုဟာ ယူကေမှာ ဆေးစစ်မှုအောင်မြင်တာနဲ့ ယခုတစ်ပတ် နှောင်းပိုင်းမှာ လီဗာပူးနဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

နယ်သာလန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ လီဗာပူးဟာ ဂတ်ပိုရဲ့ အပြောင်းအရွေ့ တစ်ခုလုံးကို အပြီးသတ်ရန် အချိန် ၃ ပတ်ပဲ ယူခဲ့ရတယ်လို့ သိရပါတယ်။ လီဗာပူးဟာ လူးဝစ်ဒီယက် နဲ့ ဒီယိုဂိုဂျိူတာ တို့ရဲ့ ကာလရှည်ဒဏ်ရာတွေကြောင့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မစတင်မီ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်သွားရန် လျှင်မြန်စွာ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂတ်ပိုဟာ လာမည့်ရက်ပိုင်းအတွင်း မာဆေးဆိုက်မှာ ဆေးစစ်မှုခံယူသွားတော့မှာ ဖြစ်ပြီး ကလော့ အနေနဲ့ နယ်သာလန်စတားကို လာမည့် ဇန်နဝါရီ အစမှာပဲ လီဗာပူး အတွက် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ PSV သတင်းတွေကို အဓိက လိုက်နေတဲ့ Eindhovens Dagblad သတင်းဌာနရဲ့ Rik Elfrink ရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ ဂတ်ပိုကို ခေါ်ယူနိုင်ဖို့အတွက် ၃ ပတ်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ရကာ ခရစ်စမတ်ကာလ အတွင်းမှာတော့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်လာခဲ့တယ်လို့ ထုတ်ဖော်ထားပါတယ်။

ဒါ့အပြင် ဂတ်ပိုဟာ မာဆေးဆိုက်ကလပ်ကို ပြောင်းရွေ့ဖို့ ကိစ္စနဲ့ပက်သက်ပြီး လက်ရွေးစင် အသင်းဖော် ဗာဂျယ်ဗန်ဒိုက် အပါအဝင် ကစားသမား တစ်ချို့နဲ့ တိုင်ပင်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ လူတော်တော်များများက ဂတ်ပိုကို မန်ချက်စတာယူနိုက်တက် အသင်းထံ ရောက်လိမ့်မယ်လို့ အပိုင်တွက်ထားခဲ့ကြပေမယ့်လည်း Elfrink က လီဗာပူးဟာ နယ်သာလန် လက်ရွေးစင်ကို ခေါ်ယူဖို့ ကိစ္စနဲ့ပက်သက်ပြီး မန်ယူနိုက်တက်ရဲ့ ရက်သတ္တပတ်‌ပေါင်းများစွာ အချိန်ဆွဲနေမှုကို အခွင့်ကောင်းယူကာ သူတို့ရဲ့ ခါးသီးပြိုင်ဘက်ကို နောက်ကောက်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ဂတ်ပိုရဲ့ ပြောင်းရွေ့ကြေးနဲ့ ပက်သက်ပြီး PSV နဲ့ ညှိနှိုင်းမရ ဖြစ်နေခဲ့ကာ ဒီအချိန်မှာပဲ လီဗာပူးဟာ နယ်သာလန်စတား အတွက် ကနဦး ပြောင်းရွေ့ကြေး ပေါင် ၃၇ သန်း + add-ons (စုစုပေါင်း ပေါင် ၄၄ သန်း ဝန်းကျင်) ပေးကာ PSV ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါဟာ PSV အတွက် စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်ကာ ဒတ်ခ်ျကလပ်ဘက်က ဒါကို လက်ခံသွားခဲ့ပါတယ်။

ဂတ်ပိုဟာ ဒီိရာသီ ကလပ် level မှာ PSV အတွက် ၂၄ ပွဲကစား ဂိုး ၃၀ ထိ ပါဝင်ပက်သက်ခဲ့သလို နယ်သာလန် အတွက်လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ၅ ပွဲကစား ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂတ်ပိုရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ကတည်းက အင်္ဂလန်က ကလပ်တွေနဲ့ တောက်လျှောက် စကားပြောဆိုမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

Elfrink က လီဗာပူး နဲ့ PSV တို့ဟာ ‌ဆွေးနွေးမှုတွေ လုပ်နေခဲ့တာကို လျို့ဝှက်ထားရန် သဘောတူထားခဲ့တယ်လို့ ဆိုထားပြီး ဒီအပြောင်းအရွေ့ ဖြစ်မြောက်လာရန် နီးစပ်‌နေပြီဆိုတဲ့ သတင်းဟာ Boxing day မှသာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး လီဗာပူးတို့ ဗီလာကို နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဂတ်ပိုရဲ့ အပြောင်းအရွေ့ အတွက် သသဘောတူညီမှု ရရှိသွားကြောင်းကို PSV ဘက်က တရားဝင် ကြေငြာခဲ့ပါတယ်။

PSV အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကလိုမျိုး transfer saga ကို ရှောင်ရှားချင်နေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက ဂတ်ပိုကို ယူနိုက်တက် လိဒ် နဲ့ ဆောက်သမ်တန် တို့က စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာလည်း လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လူးဝစ်ဒီယက်ရဲ့ အပြောင်းအရွေ့ လိုမျိုးပဲ ပြိုင်ဘက်တွေကို နောက်ကောက်ချကာ ကိုယ်လိုချင်တဲ့ ကစားသမားကို လျှင်လျှင်မြန်မြန် လှုပ်ရှားကာ အရ ခေါ်ယူသွားခဲ့ပြန်ပါတယ်။

SM