” မန်ယူနိုက်တက် ဂန္တဝင် တစ်ဦးဆီကနေ လာတဲ့စကားပါ ၊ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်တာ ကျနော် မြင်ချင်ပါတယ် ” အီဗရာ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာ က တချိန်က သူတို့ရဲ့ ခါးသီး ပြိုင်ဘက် အသင်း ဖြစ်ခဲ့တဲ့ အာဆင်နယ် အသင်း ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုင်မြှောက်တာကို မြင်တွေ့လိုကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

အီဗရာက သူ ဘောလုံးပွဲစဉ်တွေ ခန့်မှန်း သုံးသပ်နေကြ Betfair မှာ ” ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ကျနော်တို့ အားလုံး မသိကြပါဘူး ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲက စိတ်လှုပ်ရှား စရာကောင်းတဲ့ ပြိုင်ပွဲ ပါ ၊ ဒီရာသီမှာလည်း စိတ်လှုပ်ရှားစရာ အပြည့်ပါပဲ ။ ကျနော့် အတွက် ဒီရာသီ အကောင်းဆုံး ၃ သင်းက အာဆင်နယ် ၊ နယူးကာဆယ် နှင့် မန်ချက်စတာ စီးတီး အသင်းပါ ။ ”

” ဘယ်အသင်း ဗိုလ်စွဲ မလဲ ကျနော်တို့ ခုထက်ထိ မသိနိုင်သေးပါဘူး ၊ ဒါပေမယ့် ကျနော် တစ်ခုတော့ ပြောပြချင်ပါတယ် ၊ ဒီစကားက မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဆီက လာတဲ့ စကားပါ ၊ ကျနော်ကတော့ အာဆင်နယ် အသင်းကို စိတ်ရင်း အမှန်နဲ့ ချန်ပီယံ ဖြစ်စေချင်ပါတယ် ။ ”

” ပရီးမီးယားလိဂ် က တာတို ပြိုင်ပွဲ မဟုတ်ပါဘူး ၊ မာရသွန် ပြိုင်ပွဲပါ ၊ အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ တခုတည်းသော အရာ က သူတို့ရဲ့ လူစာရင်း အင်အားပါပဲ ၊ အာဆင်နယ် အသင်း ဇန်နဝါရီ မှာ ဘယ်သူတွေကို ခေါ်မလဲ ဆိုတာ စိတ်လှုပ်ရှား ရင်ခုန်စွာနဲ့ စောင့်ကြည့် သွားမှာပါ ။ ”

” တစ်ချို့ အသင်းတွေက အခက်အခဲ ကြုံနေရချိန် ဒုက္ခရောက်နေချိန်မှ ကစားသမားသစ်တွေ ခေါ်ဖို့ လုပ်ကြပါတယ် ။ ဒါပေမယ့် ဆာအဲလက်စ် ဖာဂူဆန် လုပ်လေ့ ရှိတာ ရှိပါတယ် ၊ ကိုယ့်အသင်း ထိပ်ဆုံး ရောက်နေချိန်မှာ အသင်း အင်အား ပိုမိုတောင့်တင်းဖို့ အတွက် လူ ခေါ်တာပါပဲ ။

” ဆလီဘာ လို အသင်းကို အကျိုးပြုနိုင်စွမ်း ကြီးမားတဲ့ ကစားသမား သာ ဒဏ်ရာ ရသွားရင် အာဆင်နယ် အသင်း အတွက် ကိစ္စ ပြတ်ပါပြီ ။ ဒါကြောင့် အာဆင်နယ် အသင်း ဗဟို နောက်ခံလူ တစ်ဦး ထပ်ခေါ်ဖို့ လိုအပ်ပါတယ် ၊ အသင်း ပိုင်ရှင် အနေနဲ့ အာတီတာ ကို အပြည့်အဝ ထောက်ပံ့အားပေးဖို့ လိုအပ်ပါတယ် ။ သူလိုချင်တဲ့ ကစားသမားတွေ ခေါ်ပေးရမှာပါ ။ ”

” အာတီတာ ရော အာဆင်နယ် ကစားသမားတွေရော ချန်ပီယံ ဖြစ်နိုင်တဲ့ အနေအထား ရှိနေကြပါတယ် ၊ ဒါပေမယ့် အာဆင်နယ် အသင်းမှာ back-up ကစားသမား အချို့လိုအပ်ပါတယ် ၊ အာဆင်နယ် အသင်းက ကစားသမား ၃ ဦးလောက် ခေါ်ဖို့ လိုအပ်နေတာပါ ၊ ဘယ်နေရာတွေ အတွက် လိုနေသလဲ ကျနော် မသိပါဘူး ၊ ဗဟို နောက်ခံလူ တစ်ဦး နဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ဖြစ်ပေါ့ဗျာ ။ ”

” လက်စတာ စီးတီး အသင်း ဖလားရတုန်းက ဘယ်သူမှ ရမယ် မထင်ထားကြပါဘူး ၊ ဘယ်သူမှလည်း မယုံကြည်ခဲ့ကြပါဘူး ၊ ဒါပေမယ့် သူတို့ အမှတ်မထင် ချန်ပီယံ ဖြစ်ခဲ့ပါတယ် ၊ အာဆင်နယ် အသင်းလည်း လက်စတာ လို ဖြစ်လာမယ်လို့ ကျနော် ကတော့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM