ပရီးမီးယားလိဂ် ပြန်လာပြီ ( ဘောက်ဆင်ဒေးပွဲစဉ်တွေအတွက် သုံးသပ်ချက် )

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ကလပ်ပွဲတွေ ပြန်ရောက်ရှိလို့လာပါပြီ ။ ကျန်တဲ့လိဂ်တွေ က နှစ်သစ်ကူးမှ ကစားကြမှာ ဆိုပေမယ့် ပရီးမီးယားလိဂ် ကတော့ သူတို့ရဲ့ အစဉ်အလာကို အပျက်မခံ ခဲ့ပါဘူး ။ ခရစ္စမတ်နေ့ ပြီးလို့ နောက်တနေ့မှာ ကစားတဲ့ ဘောက်ဆင်ဒေး ဟာ ပရီးမီးယားလိဂ် တခုတည်းမှာပဲ ရှိတဲ့ ပွဲစဉ်ပါ ။ ဒီနှစ်မှာ ကမ္ဘာ့ဖလား ရှိခဲ့ပေမယ့်လည်း ဘောက်ဆင်ဒေး ပွဲစဉ်တွေ ကိုတော့ မရွှေ့ဆိုင်း ခဲ့ပါဘူး ။

ဒါကြောင့် ကလပ် အသင်း ၂၀ ရဲ့ ပွဲစဉ် ၁၀ ပွဲဟာ ဒီဇင်ဘာ ၂၆ ကနေ ၂၈ ရက်နေ့ အတွင်း ယှဉ်ပြိုင် ကစား သွားကြတော့မှာပါ ။ ဒီပွဲတွေအကြောင်းမပြောခင်မှာ အမှတ်ပေး ဇယားရဲ့ နောက်ဆုံးရပ်တည်မှု ကို တခေါက်လောက် ပြန်နွှေးကြည့်လိုက်ကြရအောင် ။

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာတော့ မီကေး အာတီတာ ရဲ့ အာဆင်နယ် ရှိနေပါတယ် ။ ဆင်ပျံကြီး လို့ ချစ်စနိုး နဲ့ အမည်ပေးထားတဲ့ အာဆင်နယ် ကို ဘယ်တော့ ပြုတ်ကျမလဲ ဘယ်တော့ ခြေချော်မလဲ စောင့်ကြည့်ရင်း ရာသီဝက် ရောက်သွားခဲ့ ပါပြီ ။ အခုထိ အဆင့် ၁ မှာ မြဲနေတုန်းပါပဲ ။

၁၄ ပွဲ ကစားထားရာမှာ ၁၂ ပွဲနိုင်ပြီး ၁ ပွဲသရေ ၁ ပွဲ ရှုံးနိမ့်ထားပါတယ် ။ ၁၄ ပွဲမှာ ၃၃ ဂိုး သွင်းထားပြီးတော့ မန်စီးတီးပြီးရင် အကောင်းဆုံးပါ ၊ ခံစစ် က ၁၁ ဂိုးတည်းပေးထားရပါတယ် ။ လက်ရှိပရီးမီးယားလိဂ် မှာတော့ ဒီ ၁၁ ဂိုးက အနည်းဆုံးပေးဂိုးပါပဲ ။ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ အာဆင်နယ် တို့ မန်စီးတီး ကို ၅ မှတ် ဖြတ်ထားပြီးတော့ ဦးဆောင်ထားနိုင်ခဲ့တာပါ ။

အာဆင်နယ်ရဲ့ နောက်မှာ မန်စီးတီး ၊ နယူးကာဆယ် ၊ တော့တင်ဟမ် ဟော့စပါး တို့က အဆင့် ၂ ၊ အဆင့် ၃ အဆင့် ၄ တွေကို ရယူထားကြပါတယ် ။ ဒီ ၃ သင်းကြားမှာ ၃ မှတ်ပဲ ကွာပါတယ် ။ အထူးသဖြင့် ဒီရာသီမှာ ရလဒ်တွေ တည်ငြိမ်နေတဲ့ နယူးကာဆယ် က အသင်းကြီးတွေရဲ့ ဥရောပ ဝင်ခွင့်ကို ဝင်လုဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လို့နေပါတယ် ။

အဆင့် ၅ မှာ မန်ချက်စတာ ယူနိုက်တက် အဆင့် ၆ မှာတော့ လီဗာပူး တို့ရှိနေကြပြီး ဂရေဟမ် ပေါ်တာ ရဲ့ ချဲလ်ဆီး ကတော့ အဆင့် ၈ ထိ ရောက်လို့နေပါတယ် ။ တန်းဆင်းဇုန် ထဲမှာတော့ နော်တင်ဟမ် ဖောရက်စ် ၊ ဆောက်သမ်တန် နဲ့ ဝုဗ် တို့ ရှိနေကြပါတယ် ။

အခု ဘောက်ဆင်ဒေး မှာတော့ အဆင့် ၁ က အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ ။ ပုံမှန်အတိုင်းဆိုရင်တော့ ဒီပွဲက အာဆင်နယ် အတွက် ခက်ခဲမယ့်ပွဲ မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် ကမ္ဘာ့ဖလားကို စေလွှတ်ထားရတဲ့ ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝနိုင်တာ ၊ ဂါဘရီရယ် ဂျေဆု ဒဏ်ရာကြောင့် မပါနိုင်တာတွေက အာဆင်နယ် ကို ခက်ခဲတဲ့ ဒါဘီပွဲ တပွဲ ဖြစ်လာစေနိုင်ပါတယ် ။ အာဆင်နယ် ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ် ဆိုရင်တောင် ဂိုးပြတ် နိုင်ဖို့ မသေချာပါဘူး ။ သရေကျသွားမယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ ပြောရမှာပါ ။

မန်စီးတီး က ဒီတပတ် အနိုင်သေချာမယ့် အသင်းလို့ ပြောလို့ရပါတယ် ။ လိဒ် နဲ့ အဝေးကွင်းပွဲ ဖြစ်ပေမယ့် စီးတီး ဘက်မှာ ဒဏ်ရာရော ကြံ့ခိုင်မှု မပြည့်ဝတာမျိုးပါ မရှိပါဘူး ။ ကမ္ဘာ့ဖလားကနေ အစောကြီး ပြန်လာရတဲ့ ကယ်ဗင် ဒီဘရိုင်းနား ၊ ကမ္ဘာ့ဖလား မကန်ရဘဲ အားဖြည့်ရင်း ပွဲတွေ ပြန်လာဖို့ စောင့်နေတဲ့ အာလင်း ဟာလန်း တို့ ရဲ့ ဆာလောင်မှုတွေက အခုပွဲကို အဆုံးအဖြတ် ပေးသွားမှာပါ ။ စီးတီး တို့ ၂ ဂိုးလောက် အနည်းဆုံး ပြတ်မယ့်ပွဲ ဖြစ်သွားနိုင်ပါတယ် ။

နည်းပြသစ် အူနိုင်းအမ်မရီ ရဲ့ အက်စတွန် ဗီလာ နဲ့ အဝေးကွင်းပွဲကို လီဗာပူးတို့ ကစားရမှာပါ ။

လီဗာပူး ဘက်မှာလည်း မိုဟာမက် ဆာလာ ကမ္ဘာ့ဖလား မကစားရတာကြောင့် အားပြည့်နေသလို ဒါဝင်နူညက်ဇ် ကလည်း အုပ်စုကနေ အိမ်ပြန်ရလို့ ကလပ်ကို အစောကြီး ပြန်ရောက်နေပါတယ် ။ အဲလစ်ဆင် ဘက်ကာ နဲ့ ဖာဘင်ဟို တို့လည်း ပြန်ရောက်နေကြပါပြီ ။ ဗန်ဒိုက် တယောက်လောက်ပဲ ဒီပွဲကို လွဲလောက်ပါတယ် ။ မန်စီးတီး နဲ့ ပွဲက ခြေကို ကြည့်မယ်ဆိုရင် လီဗာပူးတို့ ပုံစံကောင်း ရှိနေပါတယ် ။ အဝေးကွင်း ဖြစ်ပေမယ့် ၃ မှတ်ကို အရယူသွားလောက်မှာပါ ။

နော်တင်ဟမ် ဖောရက်စ် ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် မန်ချက်စတာ ယူနိုက်တက် ကလည်း ခရစ္စမတ် မှာ ၃ မှတ် ရယူနိုင်ဖို့ ရှိပါတယ် ။ ဖောရက်စ် က တန်းဆင်းဇုန် ထဲက အသင်း ဖြစ်လို့ရုန်းကစားနိုင်ပေမယ့် ယူနိုက်တက် ဘက်မှာ လူစုံတက်စုံ ပါလာမှာ ဖြစ်လို့ မလွယ်ပါဘူး ။ ရက်ဖိုဒ့် လည်း ဂိုးသွင်းခြေ ပြန်တွေ့နေ ပါတယ် ။ ဂိုးတော့ ပြတ်ချင်မှ ပြတ်မှာပါ ။ ဒါပေမယ့် အနိုင်ရလဒ် ကိုတော့ လက်လွှတ်ရမယ်မထင်ပါဘူး ။

ချဲလ်ဆီး က အမှတ်ပေးဇယားအလယ်က ဘုန်းမောက် နဲ့ ကစားရမှာပါ ။ ဂရေဟမ် ပေါ်တာ ရောက်ကာစ တုန်းက ချဲလ်ဆီး ရလဒ်တွေ ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် ပေါ်တာ ရဲ့ အသင်းဟောင်း ဘရိုက်တန် ကို ၄-၁ နဲ့ ရှုံးပြီးတဲ့ ောနက်မှာ ချဲလ်ဆီးတို့ ဟန်ချက်ပျက်သွားပြီး ရလဒ်တွေပါ ဆိုးလာခဲ့ပါတယ် ။ အခု သူတို့ ပြန်တည့်မတ် ရမယ့် အချိန်ပါပဲ ။ နောက်ပိုင်းပွဲတွေမှာ ချဲလ်ဆီး ဂိုးသွင်းနှုန်း ကျလာပါတယ် ။ အခုပွဲလည်း သူတို့ ဂိုးများများရဖို့တော့ မရှိပါဘူး ။

စပါး နဲ့ ဘရန့်ဖိုဒ့် ပွဲကတော့ ဘောက်ဆင်ဒေးရဲ့ အဖွင့်ပွဲ ဖြစ်လာမှာပါ ။ အိုင်ဗန် တိုနေး ကစားနိုင်မယ်ဆိုရင် ၂ သင်းပေါင်း သွင်းဂိုး များနိုင်ပါတယ် ။ စပါး ဘက်မှာ ရစ်ချလီဆင် မပါပေမယ့် ဆွန်ဟောင်မင် နဲ့ ဟယ်ရီကိန်း တို့ ပြန်ပါလာကြမှာပါ ။ လိုရစ် မကစားနိုင်တာကလည်း ဒီပွဲကို ဂိုးများသွားစေနိုင်တဲ့ အချက်တခုပါပဲ ။ ဘောက်ဆင်ဒေး ပွဲတွေကတော့ ပရိသတ်တွေကို အမြဲ ရင်ခုန် စိတ်လှုပ်ရှားနေကြပါ ။ ဒီနှစ်မှာလည်း ဘယ်လိုရလဒ်တွေ ထွက်လာဦးမလဲ ဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ ။

 

SPORTS MYANMAR