ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ဇန်နဝါရီ ခြေလှမ်းများ

ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကို ချဉ်းကပ်လာတာနဲ့ အမျှ ကလပ် အသင်းတွေရဲ့ လှုပ်ရှားမှုတွေ ကလည်း ပိုပြီး သွက်လက်လို့ လာပါပြီ ။ ကမ္ဘာ့ဖလားက ပေးတဲ့ ဒဏ်ရာ နဲ့ ပွဲပန်းမှုတွေ ၊ ကာလရှည် အနားပေးရမယ့် ကစားသမားတွေ ၊ ဆိုးရွားပြီး မတည်မငြိမ် ဖြစ်နေတဲ့ ရလဒ်တွေ စတဲ့ အကြောင်းအရာ မျိုးစုံ အတွက် ကစားသမား အမည်ပေါင်း များစွာကို ကလပ် အသင်းတွေ ဈေးကွက် ထဲမှာ လိုက်လံ ရှာဖွေလို့ နေခဲ့ကြပါပြီ ။

တချို့ ကတော့ ဇန်နဝါရီ မစခင် ကတည်းက လက်သွက် ခြေသွက်နဲ့ အကြို သဘောတူညီမှု ရယူထားပြီးပါပြီ ။ တချို့ ကတော့ အခုမှ စလုံးရေစ ပဲ ရှိပါသေးတယ် ။

အမှတ်ပေး ဇယားထိပ်ဆုံးက အာဆင်နယ် ကတော့ ဇန်နဝါရီ မှာ တိုက်စစ်ကို အားဖြည့်မလား ၊ ကွင်းလယ် ကို အရင် အားဖြည့်မလားဆိုတာ စောင့်ကြည့်ရမှာပါ ။ ကမ္ဘာ့ဖလား ကစားနေရင်း ဂါဘရီရယ် ဂျေဆု ဒဏ်ရာ ရသွားတာက အာဆင်နယ် အတွက် နစ်နာစရာပါပဲ ။ ဂျေဆု ဟာ ဂိုးမသွင်းပေး နိုင်ရင်တောင်မှ အသင်းရဲ့ ကစားကွက်ထဲမှာ အားကိုးရတဲ့သူ ဖြစ်ခဲ့သူပါ ။

လတ်တလောမှာတော့ ရှက်တာဒိုးနက် တောင်ပံ ကစားသမား Mudrky ကို ချိတ်ဆက်နေပေမယ့် ယူကရိန်း ကလပ် ဘက်က တောင်းဆိုတဲ့ဈေး ( ပေါင် ၈၆ သန်း ) ကတော့ ဂန်းနားတွေကို လက်တွန့်နေစေပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ ၊ ဗယ်လာဒိုးလစ် ညာနောက်ခံလူ အိုင်ဗန် ဖရက်စ်နီဒါ တို့ကိုလည်း အာတီတာ စိတ်ဝင်စားနေပါတယ် ။

ချဲလ်ဆီး ကတော့ ဇန်နဝါရီ မစခင် မှာပဲ လက်သွက်ခြေသွက် နဲ့ လုပ်ထားပြီးပါပြီ ။ ဘရာဇီးလူငယ်လေး အန်ဒရီ ဆန်းတိုစ့် ၊ မိုဒီ တိုက်စစ်မှူး ဒေးဗစ် ဖိုဖာနာ ၊ လိုက်ပ်ဇစ် က အန်ကွန်ကူ တို့ဟာ အပြာရောင် တပ်သားတွေ ဖြစ်လာကြတော့မှာပါ ။ ချဲလ်ဆီး က ရာဖေး လေယို ၊ ခရိုအေးရှား နဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ဂျီဗာဒေါ တို့ ကိုလည်း ကြိုးစားနေပါတယ် ။ ဒီ ၂ ယောက် ကတော့ တန်ကြေးမြင့် ကစားသမားတွေ ဖြစ်သလို အပြိုင် ကမ်းလှမ်းမယ့် အသင်းတွေလည်း ရှိလာဦးမှာပါ ။

ခံစစ်ကိုလည်း အားထပ်ဖြည့်ဖို့ ကြိုးစားနေပါတယ် ။ အင်တာ က နယ်သာလန် နောက်ခံလူ ဒမ်ဖရိုင်းစ် က ချဲလ်ဆီး ရဲ့ အဓိက ပစ်မှတ် အဖြစ် ရှိနေပါတယ် ။ ကွင်းလယ်က မေဆင်မောင့် ၊ ဂိုးသမား မန်ဒီ တို့ကို စာချုပ် ထပ်တိုးဖို့ ရှိနေသလို အန်ဂိုလို ကန်တီ ရဲ့ အနာဂါတ် ကိုလည်း ဆွေးနွေး စဉ်းစားနေကြတယ်လို့ သိရပါတယ် ။

လီဗာပူး ကတော့ အခု ဇန်နဝါရီမှာ ငြိမ်သက်လောက်ပါတယ် ။ ဂျုဒ် ဘယ်လင်ဂမ် ကို အရ ခေါ်ယူရေးကိုပဲ အဓိက အာရုံစိုက်ဖွယ် ရှိနေပြီး မော်ရိုကို ကွင်းလယ်လူ အမ်ရာဘတ် ကိုတော့ မျက်စိဒေါက်ထောက် ကြည့်နေမှာပါ ။ သတင်းထွက်နေတဲ့ အမေရိကန် ကွင်းလယ်လူ မက်ကိန်း ကိုတော့ ယူဗင်တပ် က အငှားပဲ စေလွှတ်ဖို့ စိတ်ကူး ရှိနေလို့ ဖြစ်လာနိုင်ချေ နည်းပါတယ် ။ ဒေါ့မွန် လူငယ် တိုက်စစ်မှူးသစ်လေး မူကိုကို ကိုတော့ စောင့်ကြည့်ထားပါတယ် ။

မန်စီးတီး ကလည်း အခု ဇန်နဝါရီမှာ သွေးအေးနေမှာပါ ။ ဂွန်ဒိုအန် နဲ့ ဘာနာဒိုဆေးလ်ဗား တို့ရဲ့ အနာဂါတ် ကိုပဲ အဓိက ဆွေးနွေး သွားကြဖို့ ရှိနေပြီး လူသစ် ခေါ်ယူရေး ကိုတော့ နွေရာသီမှပဲ သေချာ လုပ်သွားဖွယ် ရှိနေပါတယ် ။

ဇန်နဝါရီမှာ ယူနိုက်တက် ဂျာစီ နဲ့ ကစားသမားသစ် ၂ ယောက်လောက် မြင်ရနိုင်ပါတယ် ။ ကိုဒီ ဂတ်ပို ဖြစ်လာဖို့ များနေပေမယ့် မထင်မှတ်တာတွေ လည်း ဖြစ်ချင်ဖြစ်လာမှာပါ ။ အာရွန် ဝမ် ဘစ်ဆာကာ ထွက်သွားမယ် ဆိုရင် နောက်ခံလူသစ် တယောက်လောက် ထပ်ရောက်လာနိုင်ပါတယ် ။

လူငယ်တွေ ထဲမှာ အီလန်ဂါ အငှားထွက်ရနိုင်ပြီး အငှား နဲ့ ရိုနယ်ဒို ရဲ့ နေရာအတွက် ဘယ်သူ့ကို အစားထိုးမလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

စပါး နည်းပြ ကွန်တီ နဲ့ ဒါရိုက်တာ ပါရာတစ်ချီ တို့ကတော့ ကမ္ဘာ့ဖလား ကာလမှာ အီတလီ ဈေးကွက်ကို မွှေနှောက် ထားပြီး ကြပါပြီ ။ အခု ဇန်နဝါရီမှာ ဈေးကွက်ဖွင့် တာနဲ့ သူတို့ စာရင်းလုပ် ထားတဲ့ ကစားသမားတွေ ကို စပြီး ကြိုးပမ်းတော့မှာပါ ။ ဗဟိုခံစစ် ၊ တိုက်စစ်ရော ခံစစ်ပါ အားသန်တဲ့ ညာနောက်ခံလူ ၊ ကွင်းလယ် နဲ့ တိုက်စစ် နေရာတွေ အတွက် တယောက်စီလောက် ခေါ်ဖို့ စိတ်ကူး ရှိနေပါတယ် ။ ရစ်ချလီဆင် ရဲ့ နေရာ အတွက် မမ်းဖစ် ဒီပိုင်း နဲ့ ( ရေတို ) အစားထိုးမယ်လို့လည်း ကြားနေရပါတယ် ။

 

SPORTS MYANMAR