ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ သူပြုလုပ်ခဲ့တဲ့ တစ်ခုတည်းသော အမှားကို ထုတ်ဖော်လိုက်တဲ့ ဒိုင်လူကြီး Marciniak

 

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး Szymon Marciniak က သူဟာ အာဂျင်တီးနားတို့ ပြင်သစ်ကို အနိုင်ရရှိသွားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်အတွင်းမှာ အမှားတစ်ခုတည်းသာ ကျူးလွန်ခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။ Marciniak ဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့‌က ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကြယ်ဆုံး ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပထမဦးဆုံး ပိုလန်လူမျိုး ဒိုင်လူကြီး ဖြစ်လာခဲ့ပါတယ်။

Marciniak ဟာ အဆိုပါ ပွဲစဉ်ကို အအကောင်းဆုံး ကိုင်တွယ်သွားခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ performance အတွက် Pundit တွေ ၊ ပရိတ်သတ်တွေရဲ့ အထူး ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ကာတာ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးအဆင့်တွေ ဖြစ်တဲ့ အာဂျင်တီးနား vs နယ်သာလန် ပွဲ ၊ အင်္ဂလန် Vs ပြင်သစ် တို့ရဲ့ ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ အတော်လေး ဆိုးရွားခဲ့တာကြောင့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရပြီး Marciniak ကတော့ ဖိုင်နယ်အဆင့်ရဲ့ မိနစ် ၁၂၀ လုံးမှာ တည်ငြိမ်မှုရှိရှိ ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပွဲကို အကောင်းဆုံး ထိန်းကျောင်းသွားခဲ့ပါတယ်။

 

ဒီထဲက highlight တွေကတော့ ပင်နယ်တီ ၃ လုံးစလုံးကို မှန်ကန်စွာ ပေးခဲ့မှု ၊ diving ပစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မှုး သူရမ်ကို အဝါကတ် ပြသခဲ့မှုနဲ့ VAR နဲ့ ဆွေးနွေးမှုတွေ သိပ်မလုပ်ခဲ့မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၄၁ နှစ်အရွယ် ဒိုင်လူကြီးက သူဟာ ပွဲကို ပြီးပြည့်စုံစွာ ကိုင်တွယ်နိုင်ခဲ့တာ မဟုတ်ဘူးလို့ ဝန်ခံလိုက်ပြီး အဆိုပါပွဲမှာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့တာ မရှိပေမယ့် ပြန်တွေးကြည့်မယ်ဆိုရင် သူ ကွဲပြားစွာ ဆုံးဖြတ်ချက် ချသွားလောက်တဲ့ အဖြစ်အပျက် တစ်ခုကို ထုတ်ဖော်လိုက်ပါတယ်။

ဒိုင်လူကြီး Marciniak က “အမှန်ပါပဲ။ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ အမှားတွေ ရှိခဲ့ပါတယ်။ မားကို့စ်အကူညာဟာ ပြင်သစ်အသင်းရဲ့ ကစားသမား တစ်ဦးကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ပြင်သစ်တို့ ချက်ချင်း တန်ပြန်တိုက်စစ်ဆင်သွားဖို့ လုပ်ခဲ့တာကို ကျနော် တားဆီးမိခဲ့ပါတယ်။ foul ကျူးလွန်ခဲ့တဲ့ ကစားသမားဟာ အဲဒီနားမှာ ရစ်နေလိမ့်မယ်လို့ ကျနော် ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ကျနော် အတွက်မှားသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘာမှ မဖြစ်ခဲ့လို့ပါ။

ကျနော့်အနေနဲ့ ဒီကိစ္စမှာ ပြင်သစ်ကို advantage ပေးသွားရမှာ ဖြစ်ပြီး ပြီးမှ အဝါကတ် ပြသွားလို့ရပါတယ်။ ဒါဟာ ခက်ခဲပါတယ်။ ဒီလိုပွဲမျိုးမှာ ကျနော် ဒီအမှားကို ပြုလုပ်ခဲ့တယ်ဆိုတာ လက်ခံပါတယ်။ အရေးကြီးဆုံးအရာ ကတော့ ကျနော် ဒီပွဲစဉ်မှာ ကြီးမားတဲ့ အမှားကို မကျူးလွန်ခဲ့တာပါပဲ။” လို့ပြောသွားပါတယ်။

 

 

ဒီ တန်ပြန်တိုက်စစ်ဟာ ပွဲရဲ့ရလဒ်ကို တစ်စုံတစ်ရာ သက်ရောက်မှုမရှိခဲ့ပေမယ့်လည်း ပြင်သစ်တွေဟာ ဒီပွဲစဉ်ကို ပြန်ကစားရန် လက်မှတ်ပေါင်း ၂ သိန်းကျော်ထိုးကာ တောင်းဆိုမှုတွေ လုပ်ခဲ့ကြသလို ပြင်သစ် အခြေစိုက် Lequipe ကလည်း မက်ဆီရဲ့ ဒုတိယဂိုးကို မပေးသင့်ဘူးလို့ ဝေဖန်လိုက်ပြီး ဒိုင်လူကြီးကိုလည်း ဆိုးရွားတဲ့ rating သာ ပေးခဲ့ပါတယ်။ အချိန်ပိုမှာ မက်ဆီ ဂိုးမသွင်းမီ အာဂျင်တီးနားရဲ့ အရန်ခုံတန်းက ကစားသမား တစ်ချို့ဟာ ကွင်းထဲကို ဝင်ကာ encroached လုပ်ပြီး ကြိုတင်ပွဲခံမှုကို လုပ်ခဲ့တာကြောင့် ဒီဂိုးကို မပေးသင့်ဘူးလို့ L’Equipe က ဆိုထားတာပါ။

ဒါပေမယ့် ပြင်သစ် French newspaper ရဲ့ စွပ်စွဲမှုကို Marciniak က ပြန်လည် တုန့်ပြန်သွားခဲ့ပြီး ကီလီယန်အမ်ဘက်ပေရဲ့ သွင်းဂိုးတွေထဲက တစ်ဂိုးမှာ ပြင်သစ်အသင်းရဲ့ အရန်ခုံတန်းက လူတွေကလည်း ဒီလိုမျိုး အတိအကျ လုပ်ခဲ့တယ်လို့ ပုံသက်သေနဲ့တကွ ပြသခဲ့ပါတယ်။

 

Marciniak “ဒီပြင်သစ် သတင်းစာဟာ ဒီပုံနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ ဖော်ပြခဲ့တာ မရှိပါဘူး။ ဒီနေရာမှာ ခင်ဗျားတို့ မြင်နိုင်တာကတော့ ကီလီယန်အမ်ဘက်ပေ ဂိုးသွင်းလိုက်တဲ့အချိန်မှာ ပြင်သစ် ၇ ဦးလောက်ဟာ ကွင်းထဲမှာ ရှိနေတာကို ကောင်းကောင်း တွေ့ရတာ မို့လို့ပါပဲ။” လို့ တုန့်ပြန်သွားပါတယ်။

SM