စာချုပ်သစ် ကမ်းလှမ်းမှု အပေါ် ဘဝင်မကျဖြစ်ခဲ့တဲ့ ချဲလ်ဆီး စတား တဦးရဲ့ အနာဂတ် အကြောင်း တုန့်ပြန်ဖြေကြားလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီဟာ ကလပ်ဖက်မှ ကမ်းလှမ်းတဲ့ နှစ်ရှည်စာချုပ် တရပ်ကို ငြင်းပယ်ခဲ့ကြောင်း ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က သတင်းတွေ ထွက်လာခဲ့ပါတယ် ။

စာချုပ်သစ်ကို ငြင်းပယ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ ချဲလ်ဆီးဟာ လက်ရှိ မန်ဒီ ရရှိနေတဲ့ တပတ်လုပ်ခ ပေါင်တသိန်းထက် အနည်းငယ်သာ ပိုပေးပြီး ကမ်းလှမ်းခဲ့တာကြောင့် ကစားသမားဖက်က ဒါကို လေးစားမှု မရှိဘူးလို့ ယူဆခဲ့တယ်လို့ သိရပါတယ် ။

 

အသက် ၃၀နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မန်ဒီဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်အောက်မှာ ဒုတိယ ဦးစားပေး ဂိုးသမား နေရာသာ ရထားပြီး ၊ ၄င်းကို ရန်းနက်စ်ကနေ ခေါ်ယူပေးခဲ့တဲ့ ကလပ် ဂန္တဝင် ဂိုးသမားဟောင်း ပီတာချက် မရှိတော့တဲ့ နောက်ပိုင်း အနာဂတ် တဖြည်းဖြည်း ဝေဝါးလာပါတယ် ။

စာချုပ် ကာလ ၂နှစ်ခွဲ ကျန်ရှိသေးပေမယ့် ၊ နည်းစနစ် ဒါရိုက်တာသစ် ခရစ်တိုဖာ ဗစ်ဗဲလ် ရောက်ရှိလာပြီးနောက် မန်ဒီဟာ လာမယ့် နွေရာသီမှာ အသင်းသစ် ရှာဖွေရနိုင်ကြောင်း သတင်းတွေလည်း ထွက်ထားပါတယ် ။

ှလောလောဆယ်မှာတော့ မန်ဒီဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ထရိန်နင်တွေ ပြန်လည် စတင်နေပေမယ့် ၊ ပထမ ဦးစားပေး ဂိုးသမား ကီပါ အရီဇာဘာလာဂါကလည်း ကြံ့ခိုင်မှု ပြန်ပြည့်နေပြီ ဖြစ်တာကြောင့် လာမယ့် အင်္ဂါနေ့မှာ ကစားမယ့် ဘုန်းမောက်နဲ့ ပွဲမှာ အရန်ခုံ ပြန်ထိုင်ရဖို့ များနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က မန်ဒီရဲ့ စာချုပ်သစ် ၊ အနာဂတ် အကြောင်းတွေနဲ့ ပတ်သက်ပြီး ” ကစားသမားတွေရဲ့ စာချုပ်သစ် ကိစ္စ အကြောင်း ဟာ ကျွန်တော့ အတွက် လူသိရှင်ကြား ထုတ်ပြောဖို့ မဟုတ်ပါဘူး ။ ဒါက ကလပ်နဲ့ ကစားသမားတွေ အကြားက ကိစ္စ ဖြစ်ပါတယ် ။ ”

” အက်ဒူဟာ ကျွန်တော်တို့နဲ့ အတူ ထိပ်တန်း ပုံစံကောင်းမှာ ရှိနေပြီး ၊ ဒီမှာ ကစားရတာ သူ အရမ်း ပျော်ရွှင်နေပါတယ် ။ ဒါပေမယ့် စာချုပ်သစ် ကိစ္စကတော့ ကျွန်တော် မှတ်ချက်ပေးလို့ မရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် မစခင်ကတည်းက မိုလ်ဒီ အသင်းမှ အိုင်ဗရီကို့စ် လူငယ် တိုက်စစ်မှူး ဒေးဗစ်ဒတ်ထရို ဖိုဖာနာနဲ့ ဗက်စကိုဒါဂါးမား အသင်းမှ ဘရာဇီး လူငယ် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။

 

လာမယ့် ဇန်နဝါရီ စျေးကွက် လှုပ်ရှားမှု ၊ နည်းစနစ် ဒါရိုက်တာသစ် ခရစ်တိုဖာ ဗစ်ဗဲလ်နဲ့ ပတ်သက်ပြီး ဂရေဟမ် ပေါ်တာက ” ကျွန်တော့ရဲ့ တုန့်ပြန်မှုက ရိုးရှင်းပါတယ် ။ သူနဲ့ ကျွန်တော် ဆုံထားတာ အကြိမ်ရေ အနည်းငယ် ရှိခဲ့ပါပြီ ။ သူဟာ ဒီကလပ် အတွက် ကြီးမားတဲ့ အထောက်အပံ့ အင်အားတခု ဖြစ်စေမှာပါ ။ ”

” သူ့ရဲ့ အခန်းကဏ္ဍဟာ အသင်းရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ် ။ နည်းစနစ် ဒါရိုက်တာနဲ့ ကျွန်တော့ အကြားက ဆက်ဆံရေးဟာ တဦးကို တဦး ထောက်ပံ့အားပေးဖို့ပါပဲ ။ ဒီလို ပုံစံနဲ့ ကျွန်တော်တို့ အလုပ်လုပ်ရမှာပါ ။ သူနဲ့အတူတူ ရှေ့ဆက် အလုပ်လုပ်ရမှာကို ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMMAR