လီဗာပူးနဲ့ ပွဲမှ မန်စီးတီး ဆယ်ကျော်သက် စတား တဦးရဲ့ ခြေစွမ်း အပေါ် အံ့သြမှင်သက်ခဲ့တဲ့ ပက်ဂွာဒီယိုလာ

 

မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့် နောက်ဆုံးပွဲမှာ မန်စီးတီး အသင်းဟာ လက်ရှိ ချန်ပီယံ လီဗာပူး အသင်းကို အီတီဟတ်မှာ ၃ – ၂ ရလဒ်နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ကာတာ ကမ္ဘာ့ဖလားကြောင့် ၂သင်းလုံးမှာ လူစုံတက်စုံ မရှိသေးပေမယ့် ၊ ရှိတဲ့ထဲက အတောင့်တင်းဆုံး ပွဲထွက်စာရင်း ကိုယ်စီ ထုတ်သုံးခဲ့ကြကာ ၊ အကယ်ဒမီ လူငယ် ကြယ်ပွင့် အချို့ကိုလည်း နေရာပေး အသုံးပြုတာကို မြင်တွေ့ခဲ့ရပါတယ် ။

အပြန်အလှန် သွင်းဂိုးတွေကြောင့် ပရိသတ်တွေကို ဖျော်ဖြေမှု ပေးခဲ့ပြီး ၊ မန်စီးတီးရဲ့ ၁၀မိနစ်နဲ့ ၄၇မိနစ်မှ အာလင်း ဟာလန်း ၊ ရီယဒ် မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ဖာဘီယို ကာဗယ်လ်ဟိုနဲ့ မိုဟာမက် ဆာလာတို့က အသီးသီး ချေပနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ပွဲချိန် ၅၈မိနစ်က နေသန် အကီရဲ့ သွင်းဂိုးကိုတော့ လီဗာပူးတို့ လက်ကျန် ပွဲချိန်တွေမှာ တုန့်ပြန်နိုင်ခဲ့ခြင်း မရှိတာကြောင့် ၁၆သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ် ။ မန်စီးတီးကတော့ ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

တဖက်မှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာဟာ ဒီပွဲမှာ အကယ်ဒမီ ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ကိုးလ်ပါလ်မာနဲ့ ရီကို လူးဝစ်တို့ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့ပြီး ၊ ၂ဦးစလုံးဟာ ပြီးခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ကာရာဘောင် တတိယ အဆင့်ပွဲမှာကတည်းက စီးတီး အတွက် ပွဲထွက်ခွင့် အသီးသီး ရခဲ့ဖူးပါတယ် ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ပက်ဂွာဒီယိုလာ က အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ညာအစွန် နောက်ခံလူ ရီကို လူးဝစ်ရဲ့ ခြေစွမ်း အပေါ် ထုတ်ဖော် ချီးကျူးသွားခဲ့ပြီး ၊ အနာဂတ် စီးတီး ပထမအသင်းရဲ့ ကစားသမားစာရင်းမှာ ဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ပက် က ” ရီကို လူးဝစ်ရဲ့ ဒီနေ့ပွဲက စွမ်းဆောင်ရည်မျိုး ကျွန်တော် မမြင်ခဲ့ရတာ အချိန် အတော်ကို ကြာခဲ့ပါပြီ ။ အသက် ၁၈နှစ် အရွယ်နဲ့ သူဟာ လီဗာပူးလို big star တွေ ရှိတဲ့ အသင်းနဲ့ ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့ပါတယ် ။ ”

” ဘောလုံး ခြေထဲ ရှိတဲ့ အချိန်မှာရော ၊ မရှိတဲ့ အချိန်မှာပါ သူ့ရဲ့ ကစားပုံက အားရစရာ ကောင်းပါတယ် ။ ဒီလို လူငယ် ကြယ်ပွင့်မျိုးကို နောက်ထပ် ၁၀စုနှစ် တခုစာ ပိုင်ဆိုင်ရမယ့် အတွက် ကျွန်တော်တို့ အရမ်း ကံကောင်းလှပါပြီ ။ ”

” အနာဂတ်မှာ အသင်းက သူ့ကို ခေါ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ မယုံနိုင်ဖွယ်ကောင်းပြီး ၊ သူ့ရဲ့ ကစားပုံက တမူထူးခြားမှု ရှိလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မန်စီးတီး နောက်ခံလူဟောင်း မီကာ ရစ်ချတ်ကလည်း ရီကို လူးဝစ်ရဲ့ ခြေစွမ်း အပေါ် ပက်နည်းတူ အခုလိုပဲ ချီးကျူးသွားပါတယ် ။

ရစ်ချတ် က ” သူဟာ လုံးဝ အံ့သြဖွယ်ကောင်းပါတယ် ။ သူ့ရဲ့ နေရာယူပုံတွေ ၊ pressing တွေ ၊ ဘောလုံး လုနိုင်ပုံတွေ ၊ ဆုံးဖြတ်ချက်ချပုံတွေ ၊ ဘောလုံး ဖြတ်ထုတ်ပုံ timing မှန်ပုံတွေက အရမ်း ထူးချွန်ပြောင်းမြောက်လွန်းပါတယ် ။ သူ့လို ငယ်မွေးခြံပေါက် အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကစားသမား တယောက် အနေနဲ့ အနာဂတ်မှာ စူပါစတား တဦး ဖြစ်လာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR