ရော်နယ်ဒိုရဲ့နေရာအတွက် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ပေါ်တူဂီစတားကို ခေါ်ယူရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ကလီဘာဆင်

 

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဘာဆင်က အဲရစ်တန်းဟတ် အနေနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ‌အစားထိုးရန် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ဈေးကွက်မှာ ‌ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားကြယ်ပွင့်ကို ခေါ်ယူရန် ကြိုးပမ်းသင့်တယ်လို့ ဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက မန်ယူနိုက်တက် ကနေ နှစ်ဘက် သဘောတူညီမှုနဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပြီး တန်းဟတ်ဟာ ဒီဇန်နဝါရီမှာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူရန် ကြိုးပမ်းလျက် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့အတူ လက်ရှိအချိန်မှာ ကစားသမား တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပြီး ဒီထဲမှာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြကစားခဲ့တဲ့ နယ်သာလန်ရဲ့ ကိုဒီဂတ်ပို ၊ ပေါ်တူဂီရဲ့ ယာအိုဖီးလစ် နဲ့ ဂျူဗင်တပ် တိုက်စစ်မှုး ဗလာဟိုဗစ် တို့လည်း ပါဝင်နေပါတယ်။ သို့ပေမယ့်လည်း ဒီထဲမှာ စိတ်ဝင်စားစရာ နာမည်တစ်ခု ပါဝင်နေပြီး အဆိုပါ ကစားသမားကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ပေါ်တူဂီမှာ ရော်နယ်ဒိုရဲ့ နေရာကို တိုက်ရိုက်အစားထိုးကာ ခြေစွမ်းပြခဲ့တဲ့ ဂွန်ဆာလိုရာမို့စ်ပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့ အုပ်စုပွဲစဉ် ၃ ပွဲကို ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ကာ ပင်နယ်တီကနေ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပြီး ၁၆ သင်း အဆင့်မှာ နည်းပြ ဆန်းတို့စ်ဟာ အသက် ၃၇ နှစ်အရွယ် ကစားသမားရဲ့ နေရာမှာ ရာမို့စ်ကို ပွဲထွက်စေခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘက်ဖီကာစတားဟာ ဒီအခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်ကာ ဆွတ်ဇာလန်ဘက်ကို ဟက်ထရစ် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရိုကိုနဲ့ ပွဲစဉ်မှာတော့ ဒါကို ထပ်ပြီး လုပ်ပြနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကလီဘာဆင်က ရာမို့စ်ဟာ မန်ယူနိုက်တက် အတွက် အသင့်တော်ဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကလီဘာဆင်က “မန်ယူနိုက်တက် အနေနဲ့ သူတို့ လိုချင်တဲ့ အကောင်းဆုံး ကစားပုံ နည်းလမ်းကောင်းကို ရှာဖွေသွားဖို့ အတွက် လိုအပ်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီး နောက်ပိုင်း သူတို့ဟာ identity ကို ပြန်လည် ရရှိဖို့အတွက် အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ဖာဂူဆန်ရဲ့ လက်အောက်မှာ မန်ယူနိုက်တက် ဆီကနေ ဘာရနိုင်မလဲဆိုတာ အတိအကျ သိရပါတယ်။ သူ့အသင်းရဲ့ ကျောရိုးတွေဟာ တအားကို အရေးပါခဲ့ပါတယ်။ အဲဒီအသင်းမှာ ရှေ့လယ်နောက် တကယ့်ကို ထူးချွန်တဲ့ ကျောရိုးတွေ ရှိခဲ့ပါတယ်။

ကျနော်ရဲ့ အမြင်အရ တိုက်စစ်ပိုင်းဟာ သူတို့ အားဖြည့်သွားဖို့ လိုအပ်တဲ့ နောက်ဆုံးနေရာလို့ ကျနော် ထင်ပါတယ်။ သူတို့အတွက် ဂိုးတွေ ပုံမှန် သွင်းပေးနေမယ့် ကစားသမား ရောက်လာဖို့ လိုအပ်ပါတယ်။ မန်နေဂျာ ကစားချင်တဲ့ system နဲ့ အသားတကျ ဖြစ်ဖို့အတွက် အချိန် အတိုင်းအတာ တစ်ခုတော့ လိုအပ်ကောင်း လိုအပ်မှာပါ။ သူတို့အတွက် ဂိုးတွေရဖို့ အာမခံချက် ပေးနိုင်တဲ့ တိုက်စစ်မှုး လိုအပ်ပါတယ်။ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဖြစ်တဲ့ ဂွန်ဆာလိုရာမို့စ် ဖြစ်ပါတယ်။

သူဟာ အသက်ငယ်သေးပေမယ့် ဘာလုပ်နိုင်သလဲဆိုတာကို ကမ္ဘာ့ဖလားလို ကြီးကြယ်တဲ့ အဆင့်မှာ ဆွစ်ဇာလန်ဘက်ကို ဟက်ထရစ် သွင်းယူပြီး သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။ သူ့ရဲ့ကစားပုံ သူ့ရဲ့ ရွေ့လျားမှု အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံ တွေကို ကြည့်ရင် သူဟာ ရော်နယ်ဒို လက်သစ် ဖြစ်လာနိုင်သူပါ။ ယူနိုက်တက်ကို ပြောင်းရွေ့ခြင်း ကလည်း သူ့အတွက် ကောင်းတဲ့ အရာ ဖြစ်ပါတယ်။” လို့ပြောသွားပါတယ်။

SM