ဇန်နဝါရီအပြောင်းအရွေ့မှာ ကစားသမားသစ် ခေါ်ယူရန် လှုပ်ရှားမှု လုပ်သွားမလားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုက်တဲ့ ကလော့

 

ယာဂန်ကလော့က လီဗာပူး အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ကစားသမား ခေါ်ယူမှုတွေ လုပ်သွားဖို့ ရှိနေတယ်လို့ ဆိုလိုက်ပြီး လက်ကျန် ရာသီ၀က်မှာ ထိပ်ဆုံးက အသင်းတွေကို အမှီလိုက်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး လူး၀စ်ဒီယက် နဲ့ ဒီယိုဂိုဂျိုတာ တို့ဟာ လပိုင်းလောက် အနားယူသွားရဖို့ ရှိနေပါတယ်။

လီဗာပူးဟာ ပထမရာသီ၀က်မှာ ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၁၄ ပွဲမှာ နိုင်ပွဲ ၆ ပွဲသာ ရခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာကြောင့် ဒါတွေဟာ အသင်းကို အကူအညီ မဖြစ်စေခဲ့ပါဘူး။ ကလော့က ဇန်နဝါရီမှာ များသောအားဖြင့် ကိုယ်လိုချင်တဲ့ ကစားသမားတွေဟာ လက်လှမ်းမမှီတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ကိုယ့်မှာ ရှိတဲ့ ကစားသမားတွေနဲ့သာ ရှေ့ဆက်ရလေ့ ရှိတယ်လို့ ဆိုလိုက်ပေမယ့် ကလပ်ရဲ့ လက်ရှိ အနေအထားကြောင့် ဒီကာလမှာ ပစ်မှတ်တွေ ရှာဖွေသွားဖို့ ရှိနေတယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ ရှိသလား ဆိုတဲ့ မေးခွန်း အပေါ် ကလော့က “ဇန်နဝါရီ မှာလား? ခင်ဗျားတို့ မေးခွန်းထုတ်တဲ့သူက မှားနေပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ခင်ဗျားတို့ အခြားသူတွေကို မေးမြန်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဇန်နဝါရီ အပြောင်းအရွေ့မှာ အမြဲတမ်း ပြင်ဆင်ထားလေ့ ရှိပါတယ်။ ဒီလိုမျိုး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အိုင်ဒီယာ နဲ့ လိုအပ်ချက်ကိုတော့ တာ၀န်ရှိသူတွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ကျန်တဲ့ အရာတွေကတော့ ကျွန်တော်တို့ လက်ထဲမှာ မရှိပါဘူး။ ဒါကတော့ ရှင်းပါတယ်။ ဘယ်သူမှ မခေါ်ဖြစ်ခဲ့ရင်လည်း ကျွန်တော်တို့ကတော့ ရှိတဲ့သူနဲ့ပဲ အမြဲတမ်း အလုပ်လုပ်ခဲ့ပါတယ်။ လက်ရှိ အခြေအနေ အရ ကျွန်တော်တို့ဟာ စျေးကွက်ထဲမှာ ကစားသမား ရှာဖွေကောင်း ရှာဖွေနေနိုင်တယ် ဆိုတာ ခင်ဗျားတို့ ခန့်မှန်းမိမှာပါ။ တစ်စုံတစ်ရာ ဖြစ်လာမလား ဆိုတာကိုတော့ ကြည့်ရတာပေါ့ဗျာ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က အက်စတွန်ဗီလာနဲ့ ကစားရမယ့် လီဗာပူးရဲ့ ဘောက်ဆင်ဒေးပွဲစဉ် မတိုင်မီ ဂျိမ်းမီနာ နဲ့ ဖာမီနို တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေ အပြင် အခြား သတင်းကောင်း တစ်ချို့ကိုလည်း ပြောပြသွားခဲ့ပါတယ်။ ဖာမီနိုဟာ မန်စီးတီးကို ရှုံးခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မတိုင်မီ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး မီနာကတော့ ပထမပိုင်းမှာ ဒူးကောက်ကြော ဒဏ်ရာ ရခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။

အဆိုပါ ကစားသမား ၂ ဦးရဲ့ အခြေအနေကို မေးမြန်းခဲ့ရာမှာ ကလော့က “မီလီရဲ့ အခြေအနေဟာ အဲဒီနေ့ကတည်းက ကောင်းမလာခဲ့ပါဘူး။ ဒါ့ကြောင့် သူ ၂ ပွဲလောက် လွဲချော်မှာ ဖြစ်ပါတယ်။ ဘော်ဘီ (ဖာမီနို) လည်း ဒီအတိုင်းပါပဲ။ သူဟာ ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေပေမယ့် ဒဏ်ရာက ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူနဲ့ ပက်သက်ပြီး day-by-day စောင့်ကြည့်သွားရမှာပါ။

အောက်စ် (ချိန်ဘာလိန်) ကတော့ အိုကေနေပါပြီ။ သူဟာ ဖျားခဲ့ပါတယ်။ ထရန့်လိုပါပဲ။ အသင်းရဲ့ ၀န်ထမ်းတစ်ချို့လည်း virus မိခဲ့တာကြောင့် လာမည့်ပွဲအတွက် ပြင်ဆင်ရာမှာ ခက်ခဲမှု ရှိနေပါတယ်။ ကျွန်တော်တို့ဟာ စီးတီးနဲ့ ပွဲအတွက် ဘာလုပ်ချင်သလဲဆိုတာ ၁၀၀% ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ကျမှ အပြောင်းအလဲတွေ လုပ်ခဲ့ရါတယ်။ ဒါဟာ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒီလို အခြေအနေတွေကတော့ ဖြစ်တက်ပါတယ်။ ဗီလာနဲ့ပွဲမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် flexible ဖြစ်အောင် လုပ်နေပါတယ်။

ဗာဂျယ်ဟာ ပုံမှန်အတိုင်း လေ့ကျင့်နေပါတယ်။ ထရန့်ကလည်း ပိုကောင်းလာဖို့ မျှော်လင့်ရပါတယ်။ သူဟာ လေ့ကျင့်ခန်း အပြည့်အ၀ မဆင်းသေးပေမယ့် အစိတ်အပိုင်း တစ်ချို့မှာတော့ ပါခဲ့ပါတယ်။ မနက်ဖြန် ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။” လို့ ဆိုလိုက်ပါတယ်။

ကလော့က ကမ္ဘာ့ဖလားဖိုင်နယ် ကစားခဲ့တဲ့ နောက်ခံလူ ကိုနာတေးဟာ လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အသင်းနဲ့အတူ ပထမဦးဆုံး လေ့ကျင့်ခန်း ပြန်ဆင်းမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒီအတွက်ကြောင့် ပြင်သစ်နောက်ခံလူဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ လက်စတာနဲ့ ကစားရမယ့် ပွဲအတွက် အသင့် ဖြစ်နိုင်ပါတယ်။

SM