ဂျေးဇု ၊ နယ်လ်ဆင် ၊ စမစ်ရို တို့ရဲ့ ဒဏ်ရာအခြေအနေကို အသိပေးရင်း ၊ အသင်းကို နောက်တဆင့် တက်စေမယ့် ကစားသမားမျိုးပဲ ခေါ်သွားမယ်လို့ အတည်ပြုလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ သူတို့ အသင်း လှုပ်ရှားမှုတွေ ပြုလုပ် သွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပြီး အသင်းကို next level ရောက်သွားစေမယ့် ကစားသမားကိုပဲ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ က ဝက်စ်ဟမ်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” လာမယ့် ဇန်နဝါရီ မှာ ကျနော်တို့ အသင်း active ဖြစ်နေမှာပါ ၊ active ဖြစ်မယ်ဆိုတာက အသင်းရဲ့ အင်အား တောင့်တင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုလိုတာပါ ။ အသင်းရဲ့ အင်အား က ပြည့်စုံ တောင့်တင်းမှု မရှိသေးပါဘူး ။ ”

” ဒါကြောင့် အပြောင်းအရွှေ့ကာလမှာ အသင်း အတွက် မှန်ကန် သင့်တော်တဲ့ ကစားသမား ခေါ်ယူဖို့ ရှာဖွေဖို့က အရေးကြီးပါတယ် ။ ကျနော်တို့ အသင်းကို ကောင်းကောင်းကြီး အကျိုးပြုနိုင်မယ့် ကစားသမား ၊ နောက်တဆင့် ရောက်စေမယ့် ကစားသမားမျိုး ဖြစ်ဖို့က အဓိက ပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိ ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အနေအထားက မကျသွားအောင် ဇန်နဝါရီမှာ ကစားသမားသစ်ဆွေ ခေါ်ယူသွားမှာ ဖြစ်ကြောင်း ယုံကြည် စိတ်ချရတဲ့ မီဒီယာ အများစုက အတည်ပြု ထားကြပါတယ် ။ အာဆင်နယ် အသင်း ရဲ့ အဓိက ပစ်မှတ် ကတော့ ရှက်တာဒိုးနက် အသင်း တောင်ပံ ကစားသမား မူဒရစ်ဒ်ပါ ။

ဆက်လက်ပြီး အာတီတာ ​က ဂျေးဇု ၊ နယ်လ်ဆင် ၊ စမစ်ရို တို့ရဲ့ ဒဏ်ရာ အခြေအနေကိုလည်း ပြောကြား သွားခဲ့ပါတယ် ။ ” ဂျေးဇု ဘယ်အချိန်မှာ လုံးဝ ပြန်ကောင်းမယ် ပြန်ကစားနိုင်မယ် ဆိုတာ က ပြောရ ခက်ခဲပါတယ် ၊ သူ့ ဒဏ်ရာ က သိသာ ထင်ရှားပါတယ် ၊ ဒါကြောင့် သူ ဘယ်ချိန် ပြန်ကစားနိုင်မလဲ ဆိုတာ ကျနော် မပြောချင်ပါဘူး ။ ”

” ရိစ်း(နယ်လ်ဆင်)ကတော့ ယူဗင်တပ်စ် နဲ့ ပွဲမှာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာ ရသွား ခဲ့ပါတယ် ။ သူ အချိန် အတိုင်းအတာ တခုလောက်တော့ အနားယူရဦးမယ်လို့ ထင်ပါတယ် ၊

အမ်မလီ(စမစ်ရို) ကတော့ ပြန်ကစား နိုင်ဖို့ နီးစပ် နေပါပြီ ၊ သူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ အနည်းငယ် ကြန့်ကြာနေပေမယ့် အခြေအနေကောင်းမှာ ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်​ပေး ဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် ဖြတ်ထား နိုင်ပါတယ် ။အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြန်လည် စတင်ချိန်မှာ ဝက်စ်ဟမ်း အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM