အာဆင်နယ် အသင်း ရှေ့မရောက်အောင် နှောင့်ယှက်ခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ကြောင်း နည်းပြ အာတီတာ ဖွင့်ဟလာ

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ နှင့် လီဗာပူး နောက်ခံလူဟောင်း ကာရေဂါ တို့ရဲ့ အင်တာဗျူး မှတ်တမ်းဟာ ဒီနေ့ မနက်မှာ ထုတ်လွှင့် သွားခဲ့ပါတယ် ။ အဆိုပါ အင်တာဗျူးမှာ အာတီတာ ဟာ အူဘာမီယန်း အာဆင်နယ် အသင်း ကနေ ထွက်ခွာ ခဲ့ရတဲ့ အကြောင်းကို ဆွေးနွေး ပြောဆို သွားခဲ့ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် က မထွက်ခင် အချိန်မှာ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံရပြီး ပွဲထွက်လူစာရင်း ကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး ဂါဘွန်သားကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ ကာရေဂါ က အူဘာမီယန်း ကို အသင်း ကနေ ရှင်းထုတ် ခဲ့တာ နဲ့ ပတ်သက်ပြီး Sky Sports မှာ နည်းပြ အာတီတာ ကို မေးမြန်း ခဲ့ပါတယ် ။

နည်းပြ အာတီတာ က ” ပထမဦးဆုံး ပြောချင်တာက ဆုံးဖြတ်ချက် ကို ကျနော် တစ်ဦး တစ်ယောက်တည်း က ချမှတ်ခဲ့တာ မဟုတ်ဘူး ဆိုတာပါပဲ ။ အသင်း တစ်သင်း အနေနဲ့ အားလုံး ဆွေးနွေး တိုင်ပင်ပြီး ချမှတ် ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ”

” အဲ့ဒီ ဆုံးဖြတ်ချက်မှာ ကျနော့် ရဲ့ အကြုံပြုချက် ပါတယ် ဆိုတာ ခင်ဗျားလည်း သိမှာပါ ၊ ကျနော့် ရဲ့ ခံယူချက်က ရှင်းပါတယ် ၊ ကျနော်တို့ သွားချင်တဲ့ နေရာ အထိ သွားနိုင်ဖို့ အတွက် လုပ်ဖို့ လိုအပ်တဲ့ အရာကို လုပ်လိုက်တာပါပဲ ၊ လုပ်သင့် လုပ်ထိုက်တာကို ဆုံးဖြတ်ချက် ချပြီး လုပ်လိုက် တာပါ ။ ”

” ဒါပေမယ့် ကစားသမား တစ်ဦးတည်းကိုပဲ လက်ညိုးထိုးပြီး အပြစ် မဆိုချင်ပါဘူး ၊ အဲ့လို ဖြစ်ခဲ့တာက ကစားသမား အများစုမှာ ဖြစ်ခဲ့တာပါ ၊ ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ် အကောင်အထည်ပေါ်လာဖို့ လုပ်ဆောင် ခဲ့ရတဲ့ strategy တစ်ခုပါပဲ ။ ”

” ကျနော်တို့က အသင်းရဲ့ လုပ်ငန်းစဉ် မြန်သထက် မြန်အောင် ကြိုးပမ်း လုပ်ဆောင် နေပေမယ့် အသင်းရဲ့ ကြိုးပမ်းမှု နှောင့်နှေးအောင် ရှေ့မရောက်အောင် ခက်ခဲအောင် လုပ်နေကြသူတွေ ရှိခဲ့ပါတယ် ။ သူတို့ကို ရှင်းထုတ်ခဲ့ရတာ စိတ်တော့ မကောင်းပါဘူး ။ ”

” ဒါပေမယ့် ကျနော်တို့ အနေနဲ့ ရှေ့ကို မြန်မြန် ရောက်ချင်ပါတယ် ၊ ကျနော်တို့မှာ အချိန် မရှိပါဘူး ၊ အသင်း ကို ထိခိုက်အောင် လုပ်တဲ့ သူက ကစားသမား ပဲဖြစ်ဖြစ် ဝန်ထမ်း ပဲ ဖြစ်ဖြစ် ကျနော်တို့ကတော့ အသင်း ကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက် ချရမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM