လက်ရှိ အသင်းက ကစားသမား တစ်ဦးကို အသင်းကနေ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

 

အာဆင်နယ် နည်း​ပြ မီခေးလ် အာတီတာ က ဂရန်းနစ် ရှာကာ ကို သူ့နေရာ မှာ သူ အထိုင်ကျအောင် မကစားနိုင်ရင် အသင်း ကနေ ထုတ်ပယ် ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ ဒီရာသီ အာဆင်နယ် အသင်း အမြင့်ပျံသန်းပြီး အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရပ်တည် နေမှုမှာ ဂရန်းနစ် ရှာကာ ဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။

ရှာကာ ဟာ ၂၀၁၉ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ် ပရိသတ်တွေ နဲ့ အချင်းများခဲ့ဖူးသူ ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် အသင်း ခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှား ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာ ရှာကာ ဟာ အသင်းကနေ ထွက်ခွာဖို့ အတော်လေး နီးစပ်တဲ့ အနေအထား အထိ ရောက်ခဲ့ပါတယ် ။

ဒါပေမယ့် နည်းပြ အာတေတာ ရဲ့ ဆွဲဆောင်စည်းရုံးမှုနဲ့ အတူ ရှာကာ ဟာ အာဆင်နယ် အသင်းမှာ ဆက်နေ ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည် ကို ပြသ ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် ကစားသမားတွေ နဲ့ ပရိသတ်တွေကလည်း ရှာကာ ကို ဒီရာသီ တိုးတက်မှု အရှိဆုံး ကစားသမား အဖြစ် ချီးကျူး ပြောဆို နေကြပါတယ် ။

ဒီရာသီ မှာ ရှာကာ တစ်ယောက် တိုက်စစ် ကို ပိုမို လိုက်ပါ ကစားနေမှု နဲ့ ပတ်သက်ပြီး အာတီတာ ကို မေးမြန်းခဲ့ရာ အာတီတာ က ရှာကာ ဆီက အရည်အသွေးကောင်းတွေ အပြည့်အဝ ရရှိအောင် တွန်းအား ပေးခဲ့ရကြောင်း ဖွင့်ဟ ပြောဆို လာခဲ့ပါတယ် ။

” ရှာကာ ခုလို ကစားနေတာက အသင်းရဲ့ လိုအပ်ချက်ကြောင့်ပါ ။ ကျနော်တို့ အသင်း အနေနဲ့ နောက်တဆင့်ကို တက်လှမ်း ချင်ပါတယ် ၊ တက်လှမ်းနိုင်ဖို့ ကြိုးစားရာမှာ ပြိုင်ဘက် ကို ပိုမို လွှမ်းမိုး နိုင်ဖို့ နှင့် final third အတွင်းကို တိုက်စစ်ဆင်ရာမှာ ကစားသမားတွေ ပိုမို များပြားနေဖို့ ၊ ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ် ။ ”

” ပြီးခဲ့တဲ့ရာသီကုန်တော့ ကျနော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ် ၊ ‘ ငါ မင်းရဲ့ ဦးနှောက်ထဲမှာ ပိတ်နေတဲ့ တစုံတစ်ခု ကို ဖွင့်ပေးဖို့ လိုလာပြီလို့ ထင်တယ် ၊ ဘာကြောင့်လဲဆိုရင် မင်းက အခု ဒီနေရာမှာ ကစားရတာကိုပဲ ယုံကြည် ပျော်မွေ့ သာယာနေပြီး အသင်း အနိုင်ရဖို့ တကယ် လုပ်ဆောင်ရမယ့် အရာကို မေ့နေတယ် ။ အသင်းက အခု တစုံတယောက်ကို တောင်းဆိုနေတယ် ။ အခုလိုအချိန်မှာ မင်းသာ မပွင့်သေးတဲ့အရာကို မဖွင့်နိုင်ရင် ငါတခုခု လုပ်မှ ရတော့မယ် ‘ လို့ ပြောလိုက်ပါတယ် ။ ”

” ကျနော် ပြောတာကို သူကောင်းကောင်းကြီး သဘောပေါက် နားလည် သွားခဲ့ပါတယ် ။ သူက တကယ့်ကို လိမ်မာပါးနပ်တဲ့ ကစားသမား တစ်ဦးပါ ၊ ကျနော် အဲ့ဒီလို ပြောပြီးနောက်ပိုင်း သူ က အသင်းရဲ့ ရာသီကြိုကို အရင်ကထက် ပိုကြံ့ခိုင်တဲ့ ပုံစံ နဲ့ ရောက်လာခဲ့ပါတယ် ၊ အသင်း နောက်တဆင့် တက်လှမ်းနိုင်ဖို့ အတွက် သူ role ချိန်းကစားရမှာကို သူ သိပါတယ် ။ ”

” သူ့မှာ အဲ့ဒီအရည်အသွေးတွေ ရှိမှန်း ကျနော်တို့ အစောကြီးကတည်းက သိခဲ့ပါတယ် ။ အဲ့ဒီအရည်အသွေးက ပုန်းကွယ်နေခဲ့တာ ဖြစ်ပြီး ဖော်ထုတ်ပေးဖို့ပဲ လိုအပ် နေခဲ့တာပါ ၊ ကျနော်တို့ အသင်းက သူ့ရဲ့အဲ့ဒီအရည်အသွေးတွေကို လိုအပ် နေခဲ့တာပါ ၊ သူက သိပ်ကို ဉာဏ်ကောင်းတဲ့သူပါ ၊ သူ့မှာ နေရာလွတ်တွေကို ပြေးဝင်ပြီး ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်တဲ့ ကြံ့ခိုင်မှုလည်း ရှိပါတယ် ၊ သူ့ရဲ့နေရာကိုလည်း အလျင်အမြန် ပြန်သွားနိုင်စွမ်း ရှိပါတယ်။ ”

” နောက်ပီး သူက သိပ်ကို တသမတ်တည်းရှိတဲ့ ကစားသမား တစ်ဦးပါ ။ သူ့ရဲ့လေ့ကျင့်ပုံတွေက အသင်းအတွက် လိုအပ်နေတဲ့ အရာတွေကို ကွက်တိ ဖြည့်စွမ်း ပေးနိုင်ပါတယ် ၊ သူက ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ဦးပါ ၊ တည်ကြည်တယ် ၊ ဖြောင့်မတ်တယ် ၊ ရိုးသားမှုလည်း ရှိပါတယ် ၊ သစ္စာလည်း ရှိပါတယ် ၊ သူလုပ်နေတဲ့ အရာကိုလည်း passionate ဖြစ်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM