အင်္ဂလိပ် စကား နားမလည်ချင်ယောင်ဆောင်ကာ ပြိုင်ဖက် ကစားသမားထံမှ ဂျာစီ လဲလှယ်ဖို့ တောင်းဆိုမှုကို လျစ်လျူရှုခဲ့တဲ့ ဂျရူး

မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားရဲ့ အုပ်စု D မှ အဖွင့်ပွဲ တပွဲမှာ ဖိုင်နယ် တက်ခဲ့တဲ့ ပြင်သစ် အသင်းဟာ မထင်မှတ်ထားတဲ့ အုပ်စု အဆင့်ကနေ ကျော်လွန်နိုင်ခဲ့တဲ့ သြစတြေးလျ အသင်းကို ၄ – ၁ ရလဒ်နဲ့ comeback အနိုင်ရခဲ့ပါတယ် ။

ထိုပွဲမှာ ပြင်သစ်ဟာ စောစောစီးစီး ဦးဆောင်ဂိုး ပေးခဲ့ပြီးမှ အေဒရီယန် ရားဘီးယော့ ၊ အိုလီဗီယာ ဂျရူး ၊ ကီလီယန် အမ်ဘတ်ပေတို့ရဲ့ ဂိုးတွေနဲ့ သက်တောင့်သက်သာ ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဂျရူးဟာ ထိုပွဲမှာ ၂ဂိုး သွင်းနိုင်ခဲ့လို့ ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီရဲ့ လက်ရွေးစင် ဂိုးအများဆုံး မှတ်တမ်းကို လိုက်မှီခဲ့ပြီး ၊ အခုမှာတော့ ယင်းစံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့ပါတယ် ။

ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား လုံးဝ မပါရှိတဲ့ သြစတြေးလျ အတွက်တော့ ၂၀၁၈ ကမ္ဘာ့ ချန်ပီယံကို စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့တာက အမှတ်ရဖွယ် ဖြစ်ခဲ့့ပါတယ် ။ ပွဲအပြီးမှာ သြစတြေးလျ ကစားသမားတွေဟာ ပြိုင်ဖက် ပြင်သစ်မှ စူပါစတား အချို့နဲ့ ဂျာစီချင်း လဲလှယ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ် ။

သြစတြေးလျ အသင်းရဲ့ အရန် တိုက်စစ်မှူး ဖြစ်တဲ့ ဂျေဆင် ကမ်းမင်းဟာ ပြင်သစ်နဲ့ အုပ်စု အဖွင့်ပွဲမှာ နာရီဝက် ဝန်းကျင် လူစားဝင် ကစားခွင့် ရခဲ့ကာ ၊ ပွဲအပြီးမှာ ဂျရူးနဲ့ ဂျာစီချင်း လဲလှယ်ဖို့ ကြိုးစားခဲ့ပြီး ၊ ၄င်းထံ ကိုယ်တိုင်ကိုယ်ရောက် တောင်းဆိုခဲ့ပါသေးတယ် ။

သြစတြေးလျ အခြေစိုက် Channel 10 ရဲ့ The Project အစီအစဉ်မှာ ဂျေဆင် ကမ်းမင်းက ပထမဆုံး သူဟာ အမ်ဘတ်ပေထံကနေ ဂျာစီ လဲလှယ်ခွင့် ရဖို့ တောင်းဆိုခဲ့ပြီး ၊ အငြင်းခံခဲ့ရပြီးနောက် ၊ ဂျရူးထံ ဂျာစီ လဲလှယ်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပေမယ့် ၊ လျစ်လျူရှုခြင်း ခံခဲ့ရကြောင်း ဖွင့်ဟလာပါတယ် ။

ကမ်းမင်း က ” ပြင်သစ်နဲ့ ပွဲင်္ပြးတော့ အမ်ဘတ်ပေဆီကနေ ဂျာစီရဖို့ အရင်ဆုံး ကြိုးစားခဲ့ပါသေးတယ် ။ ဂျရူးကို မေ့ထားလိုက် ၊ ကျွန်တော် တကယ့် Top Boy ဖြစ်တဲ့ အမ်ဘတ်ပေဆီ အရင်သွားခဲ့ပါတယ် ။ သူက ခဏနေရင် အဝတ်လဲခန်းထဲမှာ သူနဲ့ လာတွေ့ဖို့ ပြောခဲ့ပါတယ် ။ ”

” အဲဒါနဲ့ ကျွန်တော်လည်း အဝတ်လဲခန်းထဲသွားတော့ ဂျာစီ စီစဉ်ပေးတဲ့သူနဲ့ တွေ့ခဲ့ပြီး ၊ သူကတဆင့် ကျွန်တော့ ဂျာစီကို သွားပေးဖို့ အကူအညီ တောင်းခဲ့ပါတယ် ။ အဲဒီနောက် သူ အခန်းထဲက ထွက်လာပြီး ကျွန်တော့ ဂျာစီကို ပြန်ပေးရင်း ‘ Nah … လုံးဝ မရဘူး ။ အမ်ဘတ်ပေက ကျွန်တော်နဲ့ ဂျာစီချင်း မလဲချင်ဘူး ‘ လို့ ပြောခဲ့ပါတယ် ။ ”

” ဒီတော့ ကိုယ့်အသင်းရဲ့ အဝတ်လဲခန်းဖက် ပြန်လှည့်လာရင်း ၊ ဂျရူးကို မြင်တော့ ကျွန်တော်လည်း မြိန့်မြိန့်ကြီးနဲ့ အခန့်သား လမ်းလျှောက်ကာ သူ့ဆီကနေ ‘ ဂျရူးရေ ၊ တဆိတ်လောက် ၊ ကျွန်တော် ခင်ဗျားရဲ့ ဂျာစီနဲ့ လဲလို့ ရနိုင်မလား ? ကျွန်တော်က ခင်ဗျားရဲ့ အမာခံ ပရိသတ် တယောက်ပါ ‘ လို့ မေးခဲ့ပါတယ် ။ ”

” ဒါပေမယ့် သူက ကျွန်တော့ အမေးကို လျစ်လျူရှုပြီး အင်္ဂလိပ်လို တခါမှ မပြောဖူးတဲ့ ပုံစံနဲ့ ဒီအတိုင်းပဲ လမ်းဆက်လျှောက်သွားခဲ့ပါတယ် ။ သူဟာ ပရီးမီးယားလိဂ်မှာ ၁၀နှစ်ကြီးတောင် ကစားခဲ့ဖူးတာပါ ။ ” လို့ ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ် ။

စကော့တလန်နဲ့ အင်္ဂလန်မြေမှာ ၈နှစ်နီးပါး ကျင်လည်ခဲ့ဖူးတဲ့ ဂျေဆင် ကမ်းမင်းဟာ လက်ရှိမှာတော့ A League ကလပ် Cental Coast Mariners အသင်းမှာ ကစားလျက်ရှိပါတယ် ။

SPORTS MYANMAR