တံခါးပိတ် ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွားပြန်တဲ့ ချဲလ်ဆီး စတားနဲ့ ဘရာဇီး တက်သစ်စ ကြယ်ပွင့် တဦးကို ခေါ်ယူဖို့ ထိပ်ဆုံးက ပြေးနေတဲ့ ချဲလ်ဆီး

 

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် ကြယ်ပွင့် ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကစားခဲ့တဲ့ အေစီမီလန်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ၊ မကြာသေးခင်ကမှ အသင်းလိုက် ထရိန်နင်မှာ ပြန်ပါနိုင်ခဲ့ပါတယ် ။

ိူမနေ့ကတော့ ချဲလ်ဆီးဟာ ဘရန်းဖို့ဒ်နဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး ၊ ၅ – ၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ၊ ဖိုဖာနာကတော့ နောက်ထပ် ဒူးဒဏ်ရာ တခု ထပ်ရသွားသေးတယ်လို့ Football London ရဲ့ အဆို အရ သိရပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ ဖိုဖာနာဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာမှ လက်စတာကနေ ချဲလ်ဆီးသို့ ပေါင်သန်း ၇၀နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၊ အသင်းသစ်နဲ့ အတော်အသင့် အသားကျရုံ ရှိခဲ့တဲ့ အချိန်မှာမှ ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရတာ ဖြစ်ပါတယ် ။

ချဲလ်ဆီးသို့ မပြောင်းရွှေ့ခင်ကတည်းက ဖိုဖာနာဟာ လက်စတာမှာ ကာလရှည် ဒဏ်ရာ ရခဲ့တာကြောင့် နောက်ပိုင်းမှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ မနေ့က ခြေစမ်းပွဲ အပြီးမှာတော့ ဖိုဖာနာက ၄င်းရဲ့ အင်စတာဂရမ် အကောင့်မှတဆင့် သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

ဖိုဖာနာ ဒဏ်ရာ ထပ်ရခဲ့ပေမယ့် ၊ တံခါးပိတ် ခြေစမ်းပွဲမှာ ချဲလ်ဆီး ပရိသတ်တွေ အတွက် ကျေနပ်စရာကောင်းခဲ့တဲ့ အရာတွေလည်း ရှိခဲ့ပြီး ၊ ကိုင်ဟာဗက်ဇ်က ဟက်ထရစ် သွင်းယူနိုင်ခဲ့ကာ ၊ ဒဏ်ရာက ပြန်လာတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကလည်း မိနစ် ၆၀စာ ကစားပေးခဲ့တယ်လို့ သိရပါတယ် ။

ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့် Boxing Day ပွဲစဉ်ကိုတော့ ဖိုဖာနာ တယောက် ဒဏ်ရာကနေ အမှီ ပြန်သက်သာဖို့တော့ မသေချာသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ဝါရင့် နောက်ခံလူတွေ ဖြစ်ကြတဲ့ ကာလီဒူ ကူလီဘာလီ ၊ သီယာဂို ဆေးလ်ဗား ၊ ဆီဆာ အက်ဇ်ပီလီကွီတာတို့ ကမ္ဘာ့ဖလားကနေ ပြန်ရောက်လာပြီး ဖြစ်တာကြောင့် ဖိုဖာနာ ဒဏ်ရာက ခံစစ်မှူး အရေအတွက် အပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး ။

တဖက်မှာ ချဲလ်ဆီး အသင်းဟာ လာမယ့် ဇန်နဝါရီ စျေးကွက် အတွက်သာမက နောက်နှစ် နွေရာသီ စျေးကွက် အတွက်ပါ ရည်ရွယ်ကာ တက်သစ်စ ကြယ်ပွင့် အချို့ကို ခေါ်ယူနိုင်ဖို့ တောက်လျှောက် ကြိုးပမ်းလျက် ရှိနေပါတယ် ။

The Times သတင်းဌာနရဲ့ ဖော်ပြချက် အရ ချဲလ်ဆီး အသင်းဟာ ဘရာဇီး ကလပ် ဗတ်စကို ဒါဂါးမား အသင်းမှ ဆယ်ကျော်သက် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်ပြေးနေကြောင်း သိရပါတယ် ။

အသက် ၁၈နှစ် အရွယ်ရှိ ဆန်းတို့စ်ဟာ ပီအက်စ်ဂျီ အပြင် ၊ အခြား ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိထားပါတယ် ။ သို့ပေမယ့် ဆန်းတို့စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးကသာ ယင်းအသင်းကြီးတွေထက် ပိုပြီး အသာစီး ရနေကြောင်း The Times က အခိုင်အမာ ဆိုထားပါတယ် ။

ချဲလ်ဆီးဟာ ဆန်းတို့စ်လိုပဲ ဘရာဇီးရဲ့ အခြား တက်သစ်စ ကြယ်ပွင့် တဦး ဖြစ်တဲ့ ပါးလ်မီးရက်စ် အသင်းမှ အန်းဒရစ်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ဖူးပေမယ့် ၊ အဆုံးမှာတော့ ၄င်းဟာ ရီးရဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အတွင်း ဂါဘရီရယ် ဆလိုနီနာ ၊ ကာနီ ချူကွီမက်ကာ ၊ အိုမာရီ ဟတ်ချင်ဆန် ၊ ချက်ဆာရေး ကာဆာဒေး အစရှိတဲ့ ဆယ်ကျော်သက် ကြယ်ပွင့်တွေကို ယူရိုသန်း ၅၀ ဝန်းကျင် သုံးကာ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးတို့ ဒီတကြိမ်မှာရော အန်ဒရေ ဆန်းတို့စ်ကို ခေါ်ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR