အာဂျင်တီးနားကို ပင်နယ်တီနဲ့ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ်ကစားသမား တစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ကြတဲ့ အို၀င် နဲ့ ဂယ်ရီနဗီး

 

မိုက်ကယ်အို၀င်က မနေ့ညက ကာတာကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်မှာ အာဂျင်တီးနားကို ပင်နယ်တီ နဲ့ အဖွင့်ဂိုး ရရှိစေခဲ့တဲ့ အူစမာနီဒမ်ဘီလီရဲ့ challenge လုပ်ခဲ့ပုံကို ရူးမိုက်တဲ့ လုပ်ရပ်လို့ အမည်တပ်ကာ ဝေဖန်လိုက်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ကွင်းလယ်ထိ ဆင်းကာ အာဂျင်တီးနား တို့ ကစားကွက် အသာစီးရအောင် လုပ်ပေးခဲ့သလို ဂျူလီယန်အယ်ဗာရက်စ် ကလည်း တိုက်စစ်ကနေ တောက်လျှောက် pressing လုပ် ကစားသွားခဲ့ပြီး ပြင်သစ်တို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

အစောပိုင်းမှာ အခွင့်အရေးကောင်းကို လွဲချော်ခဲ့တဲ့ ဒီမာရီယာဟာ ၂၃ မိနစ်မှာ တောင်ပံကနေ ဒမ်ဘီလီကို အသာအယာ လိမ်ခေါက်ကာ ပင်နယ်တီ ဧရိယာထဲထိ ၀င်လာနိုင်ခဲ့ပြီး အဲဒီအချိန်မှာ panick ဖြစ်သွားခဲ့တဲ့ ဘာစီလိုနာ စတားဟာ နောက်ကနေ ဒီမာရီယာကို foul လုပ်ခဲ့တာကြောင့် အာဂျင်တီးနားတို့ ပင်နယ်တီ ရခဲ့ပြီး မက်ဆီက ၀င်အောင် ကန်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် ရည်မှန်းထားတဲ့ ပြင်သစ်ဟာ ပွဲချိန် ၃၆ မိနစ်မှာ နောက်တစ်ဂိုး ထပ်ပေးလိုက်ရပြီး ဒီမာရီယာက အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက် ဒမ်ဘီလီဟာ မမေ့နိုင်စရာ ကမ္ဘာ့ဖလားဖိုင်နယ်ကို ကြုံတွေ့ခဲ့ရပြီး ပထမပိုင်းမပြီးခင်မှာပဲ ဂျီရူးနဲ့ အတူ လူစားလဲခံခဲ့ရပါတယ်။

 

အို၀င်က “ဒီပင်နယ်တီ အတွက် သူ လုပ်ခဲ့တဲ့ ရူးမိုက်လှတဲ့ challenge ကို ဘေးဖယ်ထားလိုက်မယ် ဆိုရင်တောင် ဒမ်ဘီလီဟာ ပထမပိုင်းအတွင်း သူ ဘောလုံး ထိလိုက်တဲ့ အခါတိုင်း ပြိုင်ဘက်ကို ဘောလုံး ပေးလိုက်ရတာချည်း ပါပဲ။ ဒီနေရာမှာ အာဂျင်တီးနား ကတော့ ကစားပုံ တကယ် ကောင်းခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ ကစားပုံနဲ့ ပက်သက်ပြီး အကဲဖြတ်ရာမှာ ဂယ်ရီနဗီးက “ဒါဟာ ဒမ်ဘီလီ အသုံးမကျတာပါပဲ။ ဒီမာရီယာရဲ့ နေရာယူပုံဟာ ဂျူးစ်ကွန်ဒီ နဲ့ ပြင်သစ် အသင်းရဲ့ ကစားကွက်ကို ချဲထွက်စေခဲ့ပါတယ်။ သူတို့ဟာ ဒါကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါဟာ စကာလိုနီရဲ့ ဆရာကျတဲ့ ရွေးချယ်မှု ဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်မှု ကောင်းခဲ့ပါတယ်။ ဒမ်ဘီလီဟာ တောင်ပံ ကစားသမား တစ်ဦးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဒီ challenge ကတော့ အတော်လေး ဆိုးရွားပါတယ်။

ဒီနေရာမှာ ဒီမာရီယာ ဘာလုပ်သွားမလဲ ဆိုတာ ကျွန်တော်တို့ သိထားပြီး ဖြစ်ပါတယ်။ သူဟာ ဒါမျိုးတွေ လုပ်လာတာ ၁၀ နှစ်လောက် ရှိနေပါပြီ။ ဒမ်ဘီလီ အတွက် ကတော့ ဒါဟာ ရှက်စရာပါပဲ။ ဒါဟာ အနည်းငယ် soft ဖြစ်တဲ့ ပင်နယ်တီ ဖြစ်နေတာကြောင့် ကျွန်တော် သူ့ကို သိပ်ပြီး မပြောခဲ့တာပါ။ ဒါပေမယ့် ဒီလို ရူးမိုက်တဲ့ challenge ကို ပြုလုပ်ခဲ့တာကြောင့် ဒမ်ဘီလီ အနေနဲ့ ဝေဖန်မှုတွေ ခံရသင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ပြင်သစ်ရဲ့ ပထမပိုင်း စွမ်းဆောင်ရည် အပေါ် ရွိုင်ကိန်းက “အာဂျင်တီးနားဟာ ပထမပိုင်းမှာ နေရာတိုင်းကို လွှမ်းမိုး ကစားသွားခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံ ကောင်းခဲ့ပေမယ့် ပြင်သစ်ကတော့ battle တိုင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ဟာ ဘောလုံးကို လွယ်ကူစွာ ဆုံးရှုံးခဲ့ကြသလို ကြံ့ခိုင်မှုပိုင်း အရလည်း ပြိုင်ဘက်ကို မယှဉ်နိုင်ခဲ့ပါဘူး။ အာဂျင်တီးနားဟာ သူတို့ရဲ့ အားနည်းချက်ကို ထိုးနှက်ခဲ့ပြီး ပြင်းပြတဲ့ စိတ်ဆန္ဒအကြောင်းကို ပြောကြမယ်ဆိုရင် အာဂျင်တီးနားဟာ ဒါကို ပြသခဲ့ပါတယ်။ သူတို့ တကယ် ကောင်းခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

မိနစ် ၈၀ လောက်ထိ အာဂျင်တီးနားတို့ ခြေစွမ်းအသာစီးနဲ့ လွှမ်းမိုးကစားကာ ၂-၀ နဲ့ ဦးဆောင်နေခဲ့တာကြောင့် လွယ်ကူတဲ့ နိုင်ပွဲရသွားပြီလို့ ထင်မှတ်နေခဲ့ပေမယ့် မိနစ် ၈၀ မှာ အော်တာမန်ဒီကြောင့် ပြင်သစ်တို့ ပင်နယ်တီ ရခဲ့ပြီး အမ်ဘက်ပေက ၀င်အောင် ကန်သွင်းယူခဲ့သလို နောက်တစ်မိနစ် အကြာမှာလည်း ကိုလီမူအာနီရဲ့ ဖန်တီးမှုကနေ မြေမကျကန်သွင်းယူကာ ချေပဂိုး ရယူခဲ့ပြီး အာဂျင်တီးနားနဲ့ တစ်ကမ္ဘာလုံးကို အံ့သြမှင်သက်စေခဲ့ပါတယ်။

အဲဒီနောက် ပွဲဟာ အချိန်ပိုကို ရောက်သွားခဲ့ပြီး မက်ဆီက ၁၀၈ မိနစ်မှာ ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့တာကြောင့် အာဂျင်တီးနားတို့ ချန်ပီယံ ဖြစ်ပြီိလို့ ကျိန်းသေတွက်ထားခဲ့ပေမယ့် ပွဲပြီးခါနီး ၂ မိနစ် အလိုမှာ ပြင်သစ်တို့ လက်ထိဘောကနေ တဆင့် ပင်နယ်တီ ရခဲ့ပြီး အမ်ဘက်ပေ ကပဲ ဟက်ထရစ်မြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဂျင်တီးနားတို့ ၄-၂ နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

SM