ဘုရားသခင်က ကျွန်တော့ကို လက်ဆောင်ပေးမယ်ဆိုတာ သိနေပါတယ် – မက်ဆီ

လီယွန်နယ် မက်ဆီ ရဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ ပါပြီ ။ ကာတာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မှာ အာဂျင်တီးနား အသင်းဟာ ဗိုလ်လုပွဲကြီး ဆီကို အရောက်လှမ်း နိုင်ခဲ့ပြီး ၂ ထပ်ကွမ်း ချန်ပီယံဆု မျှော်လင့်ချက်တွေနဲ့ ရောက်ရှိလာတဲ့ လက်ရှိ ချန်ပီယံ ပြင်သစ် ကို အချိန်ပို ၊ ပင်နယ်တီတွေ အထိ ကစားပြီး အနိုင်ရ ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒါဟာ အာဂျင်တီးနား အတွက် ၃ ကြိမ်မြောက် ကမ္ဘာ့ဖလား အောင်ပွဲ ဖြစ်ခဲ့ပြီး လီယွန်နယ် မက်ဆီ ကိုလည်း ပြီးပြည့်စုံတဲ့ ကစားသမား တယောက် ဖြစ်လာ စေခဲ့ ပါတယ် ။

မက်ဆီ ဟာ အခု ကမ္ဘာ့ဖလား မှာ အာဂျင်တီးနား ကို အကောင်းဆုံး ဦးဆောင် ကစားပေးခဲ့ ပါတယ် ။ ပြိုင်ပွဲ ကာလ တလျောက်မှာ ၅ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးခဲ့တဲ့ မက်ဆီ ဟာ ဗိုလ်လုပွဲ မှာလည်း ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။ ပြင်သစ် ဘက်က လျှမ်းလျှမ်း တောက်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေ သာ ဟက်ထရစ် မသွင်းခဲ့ဘူး ဆိုရင် ရွှေဖိနပ်ဆု ကလည်း မက်ဆီ အတွက် ဖြစ်လာမှာပါ ။

ဒါပေမယ့် မက်ဆီ ကတော့ ကမ္ဘာ့ဖလားကြီးနဲ့တင် ကျေနပ် ပျော်ရွှင်လို့ နေပါပြီ ။

“ဘုရားသခင် က ဒီလက်ဆောင် ( ကမ္ဘာ့ဖလား ) ကို ပေးမယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ဒီနှစ် ကမ္ဘာ့ဖလား ဟာ အဲ့ဒီတခု ( ဘုရားသခင်ပေးမယ့် လက်ဆောင် ) ဖြစ်မယ်လို့လည်း ခံစား မိနေခဲ့ပါတယ်”

 

“ဒီနေ့ ကို ရောက်လာဖို့ အကြာကြီး ကြာခဲ့တာပါ ။ ဒါပေမယ့် အခုတော့ ဖြစ်လာခဲ့ ပါပြီ ။ ကျွန်တော်တို့ အများကြီး နာကျင် ခံစားခဲ့ရဖူးပါတယ် ။ ဒါပေမယ့်လည်း အဆုံးမှာတော့ အားလုံးကို ကျော်ဖြတ်ထားရစ် နိုင်ခဲ့ ပါပြီ ။ အာဂျင်တီးနား ကို ပြန်ဖို့ မစောင့်နိုင်လောက် အောင်ပါပဲ” လို့ မက်ဆီ က ပွဲအပြီး အင်တာဗျူးမှာ ကမ္ဘာ့ဖလား အောင်ပွဲကြီး နဲ့ ပတ်သက်ပြီး အခုလို ပြောပြ သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ မနေ့ညက ပွဲမှာ ကမ္ဘာ့ဖလား ၂၆ ပွဲမြောက် ခဲ့ပြီး သမိုင်းတလျောက် ပွဲအများဆုံး ကစားတဲ့ ဘောလုံးသမားလည်း ဖြစ်ခဲ့ ပါတယ် ။ ပြင်သစ် ဘက်ကို အဖွင့်ဂိုး သွင်းယူ အပြီးမှာလည်း မက်ဆီ ဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ရှုံးထွက် ပွဲစဉ်တိုင်း ( ၁၆ သင်းဆင့် ၊ ကွာတား ၊ ဆီမီး နဲ့ ဖိုင်နယ် ) မှာ ဂိုးသွင်းယူ နိုင်တဲ့ ပထမဆုံး ဘောလုံးသမားလည်း ဖြစ်ခဲ့ရ ပါတယ် ။

အာဂျင်တီးနား ပရိသတ်တွေဟာ သူတို့ချစ်တဲ့ ဘောလုံးသမားကြီး နဲ့ သူတို့ ချစ်တဲ့ အသင်း အတွက် မိုင်ပေါင်း ထောင်ချီ ဝေးလံတဲ့ အာရှအစွန်အဖျားထိ လာရောက် အားပေးခဲ့ကြပါတယ် ။ အာဂျင်တီးနား ပွဲတိုင်းမှာ ဖြူပြာကြား ပရိသတ် ၃ သောင်းခန့်ဟာ ကွင်းထဲမှာရော ကွင်းပြင်မှာပါ ရှိနေကြပြီး မပြတ်တမ်း အားပေး နေခဲ့ကြတာပါ ။

 

အာဂျင်တီးနား နိုင်ငံမှာ ကျန်ရစ် ခဲ့တဲ့ ပရိသတ်တွေ ရဲ့ အားပေးမှုကလည်း ဆိုရှယ်မီဒီယာထက်မှာ မုန်တိုင်း တခုလို ပြန့်နှံ့ ခဲ့ပါတယ် ။

မနေ့ညက ပွဲအပြီးမှာတော့ မြို့တော် ဘွယ်နိုအေးရိစ့် မှာ သောင်းသိန်း ချီတဲ့ ပရိသတ်တွေဟာ တခဲနက် အောင်ပွဲ ခံခဲ့ကြပြီး သူတို့ရဲ့ သူရဲကောင်းတွေ အိမ်ပြန်လာမယ့် အချိန်ကို စောင့်ဆိုင်းလို့ နေကြပါပြီ ။

ဒီ ကမ္ဘာ့ဖလား ဟာ အာရှမြေပေါ်မှာ ကျင်းပတဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ဖြစ်ခဲ့ပြီး ပထမ အကြိမ် ( ၂၀၀၂ ) တုန်းကလိုပဲ တောင်အမေရိက အသင်း တသင်း ဖြစ်တဲ့ အာဂျင်တီးနား ( ၂၀၀၂ တုန်းက ဘရာဇီး ) က ဥရောပ အသင်း ဖြစ်တဲ့ ပြင်သစ် ( ၂၀၀၂ တုန်းက ဂျာမနီ ) ကို အနိုင်ယူကာ ဗိုလ်စွဲ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR