ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဟယ်ရီကိန်း အင်္ဂလန်ရဲ့ ဒုတိယ ပင်နယ်တီကို မိုးပေါ်ထောင်ကန်မှာ သူ ဘာကြောင့် ကြိုသိနေခဲ့လဲ ဆိုတာ အချက်ကျကျ ရှင်းပြလိုက်တဲ့ ဒီနေး

 

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ မနေ့ညကပဲ တရားဝင် ပြီးဆုံးသွားခဲ့ပြီး ၊ အာဂျင်တီးနား အသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးတွေထဲက တသင်း ဖြစ်တဲ့ အင်္ဂလန်ကတော့ ကွာတားဖိုင်နယ်မှာကတည်းက လက်ပြ နှုတ်ဆက်သွားခဲ့ရပါတယ် ။

အင်္ဂလန်ဟာ ကွာတား အဆင့်မှာ ဗိုလ်လုပွဲ နောက်ဆုံး ၂ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရကာ ၊ မိနစ် ၉၀ အတွင်း comeback သရေ ရလဒ် စွမ်းဆောင်ဖို့ အခွင့်အရေး ကြီးကြီးမားမား ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး ။

ထိုပွဲမှာ အင်္ဂလန်ဟာ ပထမပိုင်းမှ ပြင်သစ်ရဲ့ ဦးဆောင်ဂိုးကို ဒုတိယပိုင်း အတွင်း ရခဲ့တဲ့ ဟယ်ရီကိန်းရဲ့ ပထမ ပင်နယ်တီဂိုးနဲ့ ချေပနိုင်ခဲ့ပေမယ့် ၊ အိုလီဗီယာ ဂျရူးရဲ့ ပွဲပြီးခါနီး ဦးဆောင်ဂိုးကိုတော့ ပွဲပြီးခါနီး ရခဲ့တဲ့ ဒုတိယ ပင်နယ်တီ အခွင့်အရေးနဲ့ ပြန်ချေပနိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒီ ပင်နယ်တီ အခွင့်အရေးဟာ အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း အတွက် ကြီးမားလေးလံတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အပြင် ၊ တော့တင်ဟမ် အသင်းဖော် ဂိုးသမား ဟူဂို လိုရစ်နဲ့ပါ mind game ရင်ဆိုင်ခဲ့ရတာကြောင့် အာရုံအပြည့် မစိုက်နိုင်ခဲ့ပဲ ပင်နယ်တီကို မိုးပေါ်ထောင့်ကန်ခဲ့မိပါတယ် ။

The Sun သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဝက်ဖို့ဒ် ဂန္တဝင် တိုက်စစ်မှူးဟောင်း ထရွိုင် ဒီနေးက ဟယ်ရီကိန်း ဘာကြောင့် ကွာတားဖိုင်နယ်မှ ဒုတိယ ပင်နယ်တီကို လွဲချော်ခဲ့ရလဲ ဆိုတာ အချက်ကျကျ ရှင်းပြရင်း ၊ ထိုအချက်တွေကြောင့်လည်း ၄င်းရဲ့ လွဲချော်မှုကို မအံ့သြမိကြောင်း ဖွင့်ဟလာပါတယ် ။

 

 

 

ဒီနေး က ” ကျွန်တော် အင်္ဂလန် – ပြင်သစ် ကွာတားဖိုင်နယ် ပွဲကို ကြည့်ခဲ့ပါသေးတယ် ။ ပထမ ပင်နယ်တီမှာ ကိန်းဟာ ပင်နယ်တီဘောကို အချိန် အကြာကြီး တည်ပြီး ၊ ဘယ်က ကန်ရင် ကောင်းမလဲ ဆိုတာ နေရာ ရွေးနေခဲ့ပေမယ့် ၊ လေဆာမီးထိုးသလို သူ အာရုံက ပင်နယ်တီ ကန်မယ့် အပေါ်မှာ အပြည့်အဝ ရှိနေခဲ့တာပါ ။ ”

” ဟုတ်ပါတယ် ။ ဒီပင်နယ်တီကို သူ့ trademark ပုံစံအတိုင်း ခပ်ပြင်းပြင်း တိတိကျကျ အဆုံးသတ် ကန်သွင်းသွားခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယ ပင်နယ်တီမှာတော့ သူ့ရဲ့ အသက်ရှုပုံက တခုခု လွဲနေတဲ့ပုံ ပေါ်ခဲ့ပြီး ၊ သူ့ရဲ့ မျက်လုံးက ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် သူ မိုးပေါ်ထောင်ကန်ခဲ့တာကို ကျွန်တော် မအံ့သြမိပါဘူး ။ ”

” သူ့အနေနဲ့ ဒီနေရာမှာ မလုပ်ခဲ့သင့်တဲ့ အရာ တခုက တပွဲအတွင်း ဒုတိယ အကြိမ်မြောက် ရတဲ့ ပင်နယ်တီရဲ့ အဓိပ္ပာယ် အတိမ်အနက် အကြောင်း ဖြစ်ပါတယ် ။ ကျွန်တော်ဆို ကစားသမား ဘဝမှာ တပွဲတည်း ပင်နယ်တီ ၂ခါ ကန်ခွင့်မျိုး ၂ပွဲ ၊ ၃ပွဲလောက်ပဲ ရခဲ့ဖူးပါတယ် ။ ”

” ပြီးခဲ့တဲ့ ၂လလောက်က ကျွန်တော် ဟူးလ်စီးတီးမှာ ကစားခဲ့စဉ်က ဟယ်ရီကိန်းလို ဖြစ်ခဲ့ဖူးပြီး ၊ ပထမ အလုံးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ဒုတိယ အလုံးကို မိုးပေါ်ထောင်ကန်ခဲ့ပါတယ် ။ ဒုတိယ ပင်နယ်တီကို တာဝန်ယူရတာက ခင်ဗျားရဲ့ စိတ်အာရုံကို ရောထွေးစေပါတယ် ။ ”

” ဒါတောင် ကျွန်တော် ဟူးလ်စီးတီး – ဘာမင်ဂမ် ပွဲမှာ ၂ – ၀ ဖြစ်နေတဲ့အချိန် ဒုတိယ ပင်နယ်တီကို တာဝန်ယူခဲ့ရတာပါ ။ ကိန်းလိုမျိုး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရဲ့ ပွဲပြီးခါနီးမှာမှ ရတဲ့ ပင်နယ်တီမျိုး မဟုတ်ပါဘူး ။ အဲဒီအချိန်မှာတော့ သူက ‘ ငါလွဲရင် ငါတို့ ထွက်ပြီ ‘ လို့ တွေးနေခဲ့မှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR