၂၀၁၈ ခုနှစ် ဗိုလ်လုပွဲတုန်းကအတိုင်း အာဂျင်တီးနား နဲ့ ပွဲမှာ ဝတ်ဆင် ကစားသွားမယ့် ပြင်သစ်

ပြင်သစ် အသင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ အာဂျင်တီးနား အသင်း နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ ၂၀၁၈ ခုနှစ် ရုရှား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တုန်းက ဝတ်ဆင် ခဲ့တဲ့ ဝတ်စုံ အတိုင်းပဲ ဝတ်ဆင် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ပြင်သစ် အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မော်ရိုကို အသင်းကို ၂ ဂိုးပြတ် အနိုင်ယူပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်လှမ်း လာခဲ့တာ ဖြစ်ပါတယ် ။ ပြင်သစ် အသင်း အနေနဲ့ ဗိုလ်လုပွဲမှာသာ အာဂျင်တီးနား ကို အနိုင်ရပါက အီတလီ ၊ ဘရာဇီး နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို နှစ်ကြိမ်ဆက် ရယူ နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာမှာပါ ။

ပြင်သစ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ ခရိုအေးရှား အသင်းကို ၄-၂ နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံ နိုင်ခဲ့တာပါ ။ အဆိုပါ ဗိုလ်လုပွဲ မှာ ပြင်သစ် အသင်း ကစားသမားတွေဟာ အပြာရောင် အင်္ကျီ ၊ အပြာရောင် ဘောင်းဘီ နှင့် အပြာရောင် ခြေအိတ် တွေကို ဝတ်ဆင် ကစားခဲ့ကြပါတယ် ။

ဒီနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာလည်း ပြင်သစ် အသင်းဟာ ၂၀၁၈ ခုနှစ် က အတိုင်းပဲ ထပ်မံ ဝတ်ဆင် ကစားသွားရဖို့ ရှိပါတယ် ။ အကြောင်းအရင်းကတော့ အာဂျင်တီးနား အသင်း နဲ့ ဘောင်းဘီ အရောင်ချင်း တူနေတာကြောင့်ပဲ ဖြစ်ပါတယ် ။

ပြင်သစ် အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား ပွဲအများစုမှာ သူတို့ နိုင်ငံ အလံ ကို ကိုယ်စားပြုတဲ့ အပြာရောင် အင်္ကျီ ၊ အဖြူရောင် ဘောင်းဘီ နှင့် အနီရောင် ခြေအိတ် ကို ဝတ်ဆင် ကစားနေတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာတော့ all-blue kit နဲ့ ပဲ ပွဲထွက် ကစားဖို့ ရှိနေပါတယ် ။

ပြင်သစ် အသင်းဟာ အုပ်စု ပွဲစဉ် ဖြစ်တဲ့ တူနီးရှား အသင်း နဲ့ ပွဲမှာလည်း all-blue kit ကို ဝတ်ဆင် ကစားခဲ့ပြီး ၁-၀ နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ဒါပေမယ့် အဆိုပါ ပွဲမှာ ပြင်သစ် အသင်းဟာ နောက်တဆင့် တက်ပြီးသား အသင်း ဖြစ်နေတာကြောင့် အရန် ကစားသမား အများစုကိုသာ နေရာ ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒီနေ့မှာ ခရိုအေးရှား အသင်း နဲ့ မော်ရိုကို အသင်း ရဲ့တတိယနေရာ လုပွဲ ကစားရဖို့ ရှိပြီး မနက်ဖြန်မှာတော့ အာဂျင်တီးနား နဲ့ ပြင်သစ် အသင်း ရဲ့ဗိုလ်လုပွဲ ကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာဂျင်တီးနား နဲ့ ပြင်သစ် အသင်း ဟာ သူတို့ရဲ့ ၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု အတွက် ကစားကြမှာပါ ။

SM