မော်ရိုကိုအသင်းကို ချီးကျူးရင်းနဲ့ ရော်နယ်ဒိုကို ထည့်သွင်းဝေဖန်လိုက်တဲ့ ဟာမန်း

ဒီယက်မာဟာမန်းက ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကာတာကမ္ဘာ့ဖလားမှာ bad loser တစ်ဦး ဆိုတာကို ပြသခဲ့တယ်လို့ ယုံကြည်နေပြီး အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို အနိုင်ယူ ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်သွားခဲ့တဲ့ မော်ရိုကို အသင်းကို ဂုဏ်ပြုစကားတောင် မပြောခဲ့ဘဲ သူ့ရဲ့ လေးစားမှုမရှိတဲ့ အပြုအမူကို ပြသခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မော်ရိုကိုကို ပေါ်တူဂီတို့ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစား၀င် ကစားသမား အဖြစ် ဒုတိယပိုင်း အစမှာ ၀င်ရောက် ကစားခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံအတွက် ချေပဂိုးရအောင် သွင်းယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းဟာ ဒီပြိုင်ပွဲမှာ နောက်ဆုံး ၈ သင်း အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မော်ရိုကို ကတော့ ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဦးဆုံး အာဖရိအသင်း ဖြစ်လာခဲ့ပြီး နောက်ဆုံး ၄ သင်း အဆင့်ကို ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်တွေနဲ့ ထိုက်တန်စွာ ရောက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ပြင်သစ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အာဖရိက အသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်ခဲ့ပေမယ့် မော်ရိုကို ကစားသမားတွေဟာ ပွဲအပြီးမှာ ပြိုင်ဘက်ကို ဂုဏ်ပြုမှုတွေ လုပ်ခဲ့ကြပါတယ်။ ရော်နယ်ဒို ကတော့ ဒီလိုမျိုး မဟုတ်ခဲ့ဘဲ ပေါ်တူဂီတို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကွင်းထဲကနေ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့ပြီး ပရိတ်သတ်တွေကိုလည်း နှုတ်ဆက်မှု မလုပ်ခဲ့ပါဘူး။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်တွေက ကလပ်နဲ့ နိုင်ငံမှာ ၎င်းရဲ့ ပြုမူပုံတွေ အတွက် ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပြီး ဟာမန်းက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်းဟာ မော်ရိုကိုရဲ့ နာမည်ကျော်နိုင်ပွဲ အပေါ် ဂုဏ်ပြုဖို့ ပျက်ကွက်ခြင်းအားဖြင့် သူ့ရဲ့ ဂုဏ်သိက္ခာမရှိမှုကို ပြသခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ဟာမန်းက “ကျွန်တော်တို့ ပြောနေကြတဲ့ ကစားသမားက စူပါစတား တစ်ဦး ဖြစ်ကာ ငွေကြေးများစွာ ရရှိနေသူ ဖြစ်ပြီး ကမ္ဘာ့အကြီးကြယ်ဆုံး ကစားသမားတွေ ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁ ပတ်လောက်က ကမ္ဘာ့ဖလား မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တဲ့ ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ သူဟာ ပွဲအပြီးမှာ ပြိုင်ဘက် မော်ရိုကို အသင်းကို ဂုဏ်ပြုမှုလေးတောင် မလုပ်သွားခဲ့ပါဘူး။

မော်ရိုကိုဟာ ပေါ်တူဂီကို အကောင်းဆုံး ရင်ဆိုင် ကစားကာ အနိုင်ရရှိခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မော်ရိုကို အသင်းရဲ့ ယခုလို အောင်မြင်ခဲ့မှု အပေါ် ဂုဏ်ပြုလိုတဲ့ dignity က လုံး၀ကို မရှိခဲ့ပါဘူး။ ပြင်သစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ မော်ရိုကို ကစားသမားတွေ ဘာလုပ်ခဲ့သလဲ ဆိုတာ ခင်ဗျား ကြည့်လိုက်ပါ။ သူတို့ဟာ ပြင်သစ် အသင်းသားတွေနဲ့ လက်ဆွဲနှုတ်ဆက်မှုတွေ ဂုဏ်ပြုမှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ လေးစားစရာကောင်းတဲ့ အရည်အချင်း တစ်ခု ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပေမယ့် ချစ်ခင်နှစ်သက်ဖို့ ကောင်းတဲ့ manner ကို သူတို့ ပြသခဲ့ပါတယ်။ တအားကို ချီးကျူးချင်စရာ ကောင်းတဲ့ မော်ရိုကို အသင်းပါ။” လို့ ဆိုလိုက်ပါတယ်။

SM