‘ ဆီမီးဖိုင်နယ် မတိုင်ခင် အထိ မက်ဆီဟာ လမ်းပဲလျှောက်နေခဲ့တာပါ ‘ – ကာပယ်လို

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ပြီးဆုံးခါနီး အနေအထားဆီ ရောက်ရှိလာပြီး ၊ တတိယလုပွဲနဲ့ ဗိုလ်လုပွဲသာ ဆက်လက် ကျင်းပဖို့ ကျန်ရှိပါတော့တယ် ။ နောက်ဆုံး ဗိုလ်လုပွဲကို ဘောလုံး အင်အားကြီး ၂သင်း ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ တက်ရောက်လာကြတာ ဖြစ်လို့ ဒီပွဲဟာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေးမှာ သေချာပါတယ် ။

ဒီ၂သင်းမှာ အကောင်းဆုံး ကစားသမား ၂ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ကီလီယန် အမ်ဘတ်ပေတို့ ရှိနေပြီး ၊ အသင်းလိုက် အောင်မြင်မှု အတွက် သာမက တဦးချင်း ဆုတံဆိပ်တွေကို ဘယ်သူက ဆွတ်ခူးမလဲ ဆိုတာ ဒီဗိုလ်လုပွဲက အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ် ။

၂ဦးလုံးဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် ၂ပွဲလုံးက သွင်းဂိုး အားလုံးမှာ ပါဝင် ပတ်သက်ခဲ့ကြပြီး ၊ မက်ဆီဟာ ခရိုအေးရှားကို ၃ဂိုးပြတ်နဲ့ နိုင်ခဲ့ရာမှာ တဂိုးသွင်း ၊ ၂ဂိုး ဖန်တီးခဲ့ကာ ၊ အမ်ဘတ်ပေကတော့ မော်ရိုကိုကို ၂ – ၀ ရလဒ်နဲ့ နိုင်ခဲ့ရာမှာ သွင်းဂိုး ၂ဂိုးလုံး ဖြစ်လာဖို့ စတင်ပေးခဲ့နိုင်ပါတယ် ။

ဖိုင်နယ် ရောက်လာတဲ့ အချိန် အထိ ၂ဦးလုံး သွင်းဂိုး ၅ဂိုး ကိုယ်စီ ရထားကြပြီး ၊ ဖိုင်နယ် အပြီးမှာ ဘယ်သူက ရွှေဖိနပ်ဆု ဆွတ်ခူးမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။ အသက် ၃၅နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မက်ဆီ အတွက်တော့ ဒါက နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာမို့ အောင်မြင်မှု ရဖို့ မိုင်ကုန်ပေးဆပ်မှာ သေချာပါတယ် ။

အာဂျင်တီးနားသာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ရင် မက်ဆီဟာ အလိုအလျောက် ရွှေဘောလုံးဆု ရမှာ ဖြစ်ပါတယ် ။ သို့့ပေမယ့် အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဖာဘီယို ကာပယ်လိုကတော့ မက်ဆီဟာ ဆီမီးဖိုင်နယ် မတိုင်ခင် အထိ ကွင်းတွင်း လမ်းပဲ လျှောက်နေခဲ့ကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ် ။

AS သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ကာပယ်လို က ” အမ်ဘတ်ပေနဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် ၂ပွဲကို အဓိက အဆုံးအဖြတ် ပေးခဲ့ကြပါတယ် ။ ကွင်းလယ်ဒိုင်တွေကလည်း ကောင်းကောင်း စွမ်းဆောင်ခဲ့ကြပါတယ် ။ ပုံမှန်အားဖြင့် ကမ္ဘာ့ဖလားကို ဇွန်လမှာ ကျင်းပတဲ့ အတွက် ကစားသမားတွေဟာ ပင်ပန်းတတ်ကြပါတယ် ။ ”

” ဒီတခေါက် ကမ္ဘာ့ဖလားမှာတော့ ဘယ်သူမှ မပင်ပန်းကြတဲ့ အတွက် ကြည့်ရှုအားပေးရတာ ပိုပြီး နှစ်လိုဖွယ်ကောင်းပါတယ် ။ မက်ဆီကတော့ မက်ဆီ ပုံစံဆီ ပြန်ရောက်တာပါပဲ ။ သူဟာ ခရိုအေးရှားနဲ့ ပွဲမှာ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ နောက်ဆုံးပွဲကတော့ သူ ကျွန်တော့ကို အမှန်တကယ် အံ့သြအောင် လုပ်ပြနိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် အဲဒီမတိုင်ခင် ပွဲတွေတော့ မပါပါဘူး ။ ရှေ့ပွဲတွေမှာတုန်းက သူဟာ ကွင်းတွင်း လမ်းပဲလျှောက်နေခဲ့တာပါ ။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ အရမ်း အရမ်း မြင့်မားနေဆဲပါပဲ ။ အခုအချိန်အထိ ကြည့်ကောင်းတဲ့ ကမ္ဘာ့ဖလား အသွင်တော့ ဆောင်ထားပါတယ် ။ ”

” ကစားသမားတိုင်းက လန်းဆန်းနေပြီး ၊ အတော်လေး ပြေးလွှားကစားကြသလို ၊ pressing တွေလည်း အများကြီး လုပ်ကြပါတယ် ။ အရာအားလုံးမှာ သူတို့ အရမ်း အာရုံစိုက်ထားကြပါတယ် ။ ဖိုင်နယ် တက်လာတဲ့ နည်းပြ ၂ဦးကတော့ ဒီအဆင့် အထိ အများကြီး ဂရုစိုက်ထားကြပါတယ် ။ ”

” ဒီတော့ ဖိုင်နယ် တက်လာတဲ့ ၂သင်းဟာ မတူညီတဲ့ ခြေစွမ်း အဆင့်အတန်းတွေ ရှိတဲ့ ကစားသမားများစွာ ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR