ကာတာ ကမ္ဘာ့ဖလား ဖိုင်နယ်သို့ ဘန်ဇီမာ အပြင် ၂၀၁၈ ချန်ပီယံ ပြင်သစ် စတား ၂ဦးကိုပါ ဖိတ်ခေါ်ဖို့ အလိုရှိနေတဲ့ ပြင်သစ် သမ္မတ မက်ခရွန်း

ပြင်သစ် သမ္မတ အီမန်နူရယ် မက်ခရွန်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဂျင်တီးနား အသင်းနဲ့ ကာတာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ဒဏ်ရာကြောင့် အပြီးသတ် ကစားသမားစာရင်းကို လွဲချော်ခဲ့တဲ့ ပြင်သစ် စတား အချို့ကို ပြန်လည် ခေါ်ဆောင်လိုနေကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက် တရပ်အရ သိရပါတယ် ။

ထိုအထဲမှာ ယခုနှစ် ဘောလုံးရာသီ ကလပ် အသင်းတွေမှာ ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ အန်ဂိုလို ကန်တေတို့ အပြင် ၊ အနားကပ်မှ ဒဏ်ရာကြောင့် လွဲခဲ့ရတဲ့ တိုက်စစ်မှူး ကာရင် ဘန်ဇီမာတို့ ပါဝင်လျက်ရှိပါတယ် ။

စပိန် သတင်းဌာန Marca ရဲ့ အဆို တရပ်အရ ပြင်သစ် အားကစား ဝန်ကြီးချုပ် အမ်မီလီ အူဒီယာ ကတ်စ်တီရာကတော့ မက်ခရွန်းဟာ ဒဏ်ရာရ ပြင်သစ် စတား အချို့ကို ကမ္ဘာ့ဖလား ဖိုင်နယ်ဆီ ခေါ်ဆောင်လိုနေကြောင်း အတည်ပြုခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ်နဲ့ အတူ mid-season အကြို ပြင်ဆင်မှုတွေမှာ ပူးပေါင်း ပါဝင်နေတဲ့ ဘန်ဇီမာကတော့ ကမ္ဘာ့ဖလား မစတင်မီ ဒဏ်ရာကြောင့် ၄င်းကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒေရှမ့်စ်ရဲ့ ဆုံးဖြတ်ချက် အပေါ် မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ် ။

ပြီးခဲ့တဲ့ မော်ရိုကို အသင်းနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲအပြီးမှာလည်း ဒေရှမ့်စ်က ဘန်ဇီမာကို ဖိုင်နယ် အတွက် ပြန်ခေါ်သွားဖို့ အစီအစဉ် ရှိသလား ဆိုတဲ့ အမေး အပေါ် ငြင်းဆန်ခဲ့ပြီး ၊ တခြား မေးခွန်း တခု ပြောင်းမေးဖို့သာ ဂျာနယ်လစ်တွေထံ တုန့်ပြန်ခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ်ဖက်ကတော့ ဘန်ဇီမာသာ ကမ္ဘာ့ဖလား ဖိုင်နယ်သို့ သွားဖို့ အလိုရှိတယ်ဆိုရင် တားဆီးသွားမှာ မဟုတ်ကြောင်း သိရပေမယ့် ၊ ၄င်းအတွက် ကမ္ဘာ့ဖလား ဖိုင်မယ် အခွင့်အရေးက ဒေရှမ့်စ် အပေါ်မှာသာ ရာနှုန်းပြည့် မူတည်မှာ ဖြစ်ပါတယ် ။

ကာလရှည် ဒဏ်ရာတွေနဲ့ ရုန်းကန်ထားရတဲ့ ပေါ့ဘာနဲ့ ကန်တေတို့ကတော့ ဖိုင်နယ် ကစားဖို့ အထိ ကြံ့ခိုင်မှု ပြည့်ဖို့ လုံးဝ မနီးစပ်နေတာကြောင့် ၄င်းတို့ ၂ဦးကို ခေါ်ခဲ့ရင်တောင် အားပေးဖို့ အထိသာ တတ်နိုင်မှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ပေါ့ဘာကတော့ ယူဗင်တပ်စ် အသင်းနဲ့ mid-season ပြင်ဆင်မှုတွေ လုပ်နေပါတယ် ။

ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် အပြီးမှာတော့ ပေါ့ဘာဟာ ကိုယ်ပိုင် အင်စတာဂရမ်မှတဆင့် လက်ရွေးစင် အသင်းဖော် အန်တွိုင် ဂရဇ်မန်းကို အန်ဂိုလို ကန်တေနဲ့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့သလို ၊ ၄င်းဟာ ပြင်သစ် အသင်းကို ရောက်တဲ့ နေရာကနေ ရာနှုန်းပြည့် အားပေးနေတယ် ဆိုတာ သိသာထင်ရှားလွန်းနေပါတယ် ။

၂၀၁၈ ကမ္ဘာ့ဖလားမှာတုန်းက ပြင်သစ်တို့ အလွန်တရာမှ အားထားခဲ့ရတဲ့ ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေကတော့ လောလောဆယ် အချိန် အထိ တဦးချင်း ထရိန်နင်တွေမှာတောင် မပါဝင်နိုင်သေးပေမယ့် ၊ ဒဏ်ရာ အတွက် ချဲလ်ဆီး အသင်းနဲ့ အတူ ကုသမှုတွေ ဆက်လက် ခံယူနေရဆဲ ဖြစ်ပါတယ် ။

SPORTS MYANMAR