ကမ္ဘာ့ဖလား မှာ ခြေစွမ်းပြနေတဲ့ မော်ရိုကို ကွင်းလယ် အတွဲကို ခေါ်ဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ရေးပါလာ

ရေးပါလာ ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ ဒီနှစ် ကာတာ ကမ္ဘာ့ဖလား မှာ ခြေစွမ်းပြနေကြတဲ့ မော်ရိုကို အသင်း ရဲ့ ကွင်းလယ်အတွဲ အမ်ရာဘတ် နဲ့ အူနာဟီ ကို ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

မော်ရိုကို အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား မှာ ဘောလုံး ပရိသတ် အားလုံးရဲ့ ပါးစပ်ဖျားထဲ ရောက်နေတဲ့ အသင်း ဖြစ်ပြီး ပြိုင်ပွဲ တစ်လျှောက် ဘယ်သူမှ မထင်မှတ်ထားတဲ့ အရာတွေကို တောက်လျှောက် လုပ်ပြ နိုင်ခဲ့ပါတယ် ။ မော်ရိုကို ဟာ ဒီနှစ်မှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက် ပထမဆုံး အာဖရိက အသင်းအဖြစ်လည်း စံချိန်သစ် စိုက်ထူ နိုင်ခဲ့ပါတယ် ။

မော်ရိုကို အသင်းဟာ ခရိုအေးရှား ၊ ကနေဒါ ၊ ဘယ်ဂျီယံ တို့ ပါဝင်တဲ့ အုပ်စု မှာ ပထမ နဲ့ ၁၆ သင်း အဆင့် ကို တက်လှမ်း ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မော်ရိုကို အသင်းဟာ ၁၆ သင်း အဆင့်မှာ စပိန် ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ် ကို ထပ်မံ တက်လှမ်း နိုင်ခဲ့ပါတယ် ။ ကွာတားဖိုင်နယ် မှာ​​လည်း ပေါ်တူဂီ အသင်း ကို ၁-၀ နဲ့ အနိုင်ယူ ကျော်ဖြတ် နိုင်ခဲ့ပါတယ် ။

ဆီမီးဖိုင်နယ် မှာတော့ မော်ရိုကို အသင်းဟာ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ပြင်သစ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ပီး ဆီမီးဖိုင်နယ် အဆင့် နဲ့ပဲ ကျေနပ် လိုက်ရပါတယ် ။ မနက်ဖြန်မှာတော့ မော်ရိုကို အသင်းဟာ ခရိုအေးရှား အသင်း နဲ့ တတိယ နေရာ လုပွဲ ကစားရဖို့ ရှိပါတယ် ။

မော်ရိုကို အသင်းမှာ ပီအက်စ်ဂျီ အသင်းက ဟာကီမီ ၊ချဲလ်ဆီး အသင်း က ဇီယက်ရှ် တို့လို အများ သိပြီးသား ကစားသမားတွေ ရှိနေကြပေမယ့် ကမ္ဘာ့ဖလား မှာ ပရိသတ်တွေ ရဲ့ အာရုံကို ဖမ်းစား နိုင်ခဲ့သူတွေကတော့ ကွင်းလယ် အတွဲ ဖြစ်တဲ့ အမ်ရာဘတ် နှင့် အူနာဟီ တို့ပါ ။

ပြင်သစ် နဲ့ ပွဲမတိုင်ခင် အထိ မော်ရိုကို အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား မှာ ပြိုင်ဘက် ကစားသမားတွေရဲ့ ဂိုးသွင်းယူမှု ကို မခံရသေးတဲ့ တသင်းတည်းသော အသင်း ဖြစ်ပြီး Clean-Sheet ၄ ပွဲ အထိ ရယူ နိုင်ခဲ့ပါတယ် ။ ဂန်းနားဟောင်း ရေးပါလာ ကတော့ မော်ရိုကို ကွင်းလယ် အတွဲဟာ အာဆင်နယ် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

” အူနာဟီ ၊ နံပါတ် ၈ လေး က လုံးဝ ကွဲပြား ခြားနားတဲ့ အဆင့်အတန်း တစ်ခုကို ပြသ နေသူပါ ။ ကျနော် သာ အာဆင်နယ် အသင်း တာဝန်ရှိသူဆို သူ့ကို အသင်းထံ ခေါ်မှာလား ဟုတ်လား ? သေချာပေါက် ခေါ်မှာပါ ၊ သူ့ရဲ့ ပြိုင်ပွဲ တစ်လျှောက် စွမ်းဆောင်ရည် ကို ကျနော် မြင်ပါတယ် ၊ ပွဲကြီး ပွဲကောင်းတွေမှာတောင် သူရဲ့ ခြေစွမ်းက မှေးမှိန်သွားခြင်း မရှိပါဘူး ။ ”

” သူ ကစားတာကို ကြည့်ရတာ လုံးဝ ကို သက်သောင့်သက်သာ ရှိပါတယ် ၊ ဘောလုံး ကို ဆွဲပြေးနိုင်တယ် ၊ လုယူ နိုင်တယ် ၊ တကယ်ကောင်းတဲ့ ကစားသမားပါ ။ အမ်ရာဘတ် လည်း တူတူပါပဲ ၊ ကျနော်သာ အာဆင်နယ် ကဆို သူ့ကို စောင့်ကြည့်မှာပါ ၊ သူက တကယ်ကောင်းတဲ့ ဗဟို ကွင်းလယ်လူပါ ၊ မော်ရိုကို ကလည်း သိပ်ကောင်းခဲ့ပါတယ် ၊ သူတို့ရဲ့ ဘောလုံး ပေးပို့ပုံ ရွေ့လျားပုံတွေက လုံးဝ ထူးချွန် ပြောင်မြောက် ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM