ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရတော့မယ့် သူ့ရဲ့တပည့်ဟောင်းကို ချီးကျူး အားပေးလိုက်တဲ့ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရတော့မယ့် သူ့ရဲ့ တပည့်ဟောင်း မာတီနက်ဇ် ကို ချီးကျူး ဂုဏ်ပြု စကား ဆိုလိုက်ပါတယ် ။

အာဆင်နယ် အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ပြင်သစ် လူမျိုး နည်းပြ အာဆင်ဝင်းဂါး ဟာ ၂၀၁၀ ခုနှစ်မှာ အာဂျင်တီးနား ကလပ် Independiente ကနေ မာတီနက်ဇ် ကို ခေါ်ယူခဲ့ပါတယ် ။ မာတီနက်ဇ် ဟာ အာဆင်နယ် လူငယ် အသင်းမှာ ၂ နှစ် ကြာ ကစားပြီးနောက် ၂၀၁၂ မှာ အသင်းကြီးနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။

ဒါပေမယ့်လည်း မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းကြီးမှာ ပွဲကစားခွင့် မရခဲ့ဘဲ တခြား အသင်းတွေထံ အငှားထွက်ကစားပြီးပဲ အချိန်ကုန်ဆုံး ခဲ့ရပါတယ် ။ မာတီနက်ဇ် ဟာ အောက်စ်ဖိုဒ့် ယူနိုက်တက် ၊ ရှက်ဖီးဝက်နက်စဒေး ၊ ရိုသာဟန် ယူနိုက်တက် ၊ ဝုလ်ဗာဟမ်တန် ၊ ဂီတာဖေး ၊ ရီးဒင်း အသင်းတွေမှာ အငှား ထွက်ကစားခဲ့ရတာပါ ။

မာတီနက်ဇ် ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကုန်ခါနီးမှာတော့ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက် ပွဲထွက်ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အာဆင်နယ် အသင်း အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီနောက် မာတီနက်ဇ် ဟာ ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

အက်စတွန်ဗီလာ အသင်းမှာလည်း မာတီနက်ဇ် ဟာ သူ့ရဲ့လက်စွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး နိုင်ငံ လက်ရွေးစင် အဖြစ် ရွေးချယ် ခေါ်ယူ ခံခဲ့ရပါတယ် ။ မာတီနက်ဇ် ဟာ အာဂျင်တီးနား အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့ရတဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ပင်နယ်တီတွေကာကွယ်ပြီး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

ဒီနှစ် ကာတာ ကမ္ဘာ့ဖလားမှာလည်း မာတီနက်ဇ် ဟာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဆုနဲ့ လက်တစ်ကမ်းကွာ အနေအထားကို ပို့ဆောင် ပေးထားပါတယ် ။ အာဂျင်တီးနား ဗိုလ်လုပွဲ တက်ရာ လမ်းကြောင်းမှာ မာတီနက်ဇ် ဟာ ဂိုးမပေးရအောင် ၃ ပွဲ အထိ စွမ်းဆောင် နိုင်ခဲ့ပြီး နယ်သာလန် နဲ့ ပွဲမှာလည်း ပင်နယ်တီ ၂ လုံး အထိ လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ကတော့ သူ့ရဲ့ တပည့်ဟောင်း မာတီနက်ဇ် တစ်ယောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရတော့မယ့် အပေါ် ဝမ်းသာဂုဏ်ယူ လို့ နေပါတယ် ။ ” သူ့အတွက် အရမ်းပဲ ဝမ်းသာပျော်ရွှင်မိပါတယ် ။ အရင်ကတည်းက သူ့ဆီမှာ ရှိတဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိတာကို ကျနော်တို့ သတိထားမိခဲ့ကြပါတယ် ၊ သူက ရည်မှန်းချက် ပန်းတိုင်ကြီးမားသူ ဖြစ်ပြီး သင်ယူလိုစိတ်လည်း အမြဲ ပြင်းပြနေသူပါ ၊ ပွဲအတွင်းမှာလည်း စိတ်အား ထက်သန်မှု အပြည့်နဲ့ ကစားသူပါ ။ ”

” ပြောရရင် သူ က အငှား ထွက်ကစားတဲ့ အသင်းမှာ ကစားခွင့် မရတာမျိုးတောင် ကြုံခဲ့ရဖူးသူပါ ၊ ဒါပေမယ့် သူ့ရဲ့ ယုံကြည်မှု နဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုက ဘယ်တော့မှ ပျောက်ကွယ် မသွားခဲ့ပါဘူး ။ အခု အချိန် သူ ကစားနေတာ မြင်ရတော့ ၊ ကျနော် က သူ ဖြတ်သန်း ခဲ့ရတာတွေကို ကောင်းကောင်း သိထားသူ ဖြစ်တာကြောင့် သူ့ ရဲ့အောင်မြင်မှုကို ပိုလို့တောင် ချီးကျူး မိပါတယ်ဗျာ ။ တော်တယ် ကောင်လေး အီမီရေ ၊ မင်းအတွက် ငါတို့ တစ်တွေ သိပ်ကို ဂုဏ်ယူမိတယ်ကွာ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SM