မော်ရိုကိုနဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၊ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် စတား တဦးကို ထုတ်နုတ် ချီးကျူးခဲ့ကြတဲ့ အလန်ရှီးယား ၊ ရီယို ဖာဒီနန်နဲ့ ဒီဒီယာ ဒရော့ဘာ

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ် – မော်ရိုကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်တို့ ပွဲအစ ၅မိနစ်က နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုး ၊ ဒုတိယပိုင်း အတွင်း လူစားဝင်လာတဲ့ လူငယ် တိုက်စစ်မှူး မူအာနီရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ပြင်သစ်ဟာ စောစောစီးစီးပဲ ဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် ၊ ဒုတိယ ဦးဆောင်ဂိုး မရခင် အထိ ခံစစ်မှာပဲ ရထားတဲ့ အဖွင့်ဂိုးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ရပါတယ် ။ မော်ရိုကိုဖက်က ချေပဂိုး ပြန်ရလောက်နိုင်တဲ့ half-chance အချို့ ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ဂိုးကံခေခဲ့ပါတယ် ။

ပြင်သစ်ဖက်ကတော့ ခံစစ်ပိုင်း ကစားပုံ ကောင်းတဲ့ အပြင် ၊ ကွင်းလယ်ကလည်း စုစည်းမှု ကောင်းနေခဲ့တာကြောင့် မော်ရိုကိုရဲ့ ထိုးဖောက် ကစားပုံတွေကို အကြိမ်ကြိမ် ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ကွင်းလယ် ဖန်တီးရှင် နေရာကနေ ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်တွိုင် ဂရဇ်မန်းဟာ ဒီပွဲရဲ့ Man of the Match ဆုနဲ့ ထိုက်တန်ခဲ့ပါတယ် ။

အသက် ၃၁နှစ် အရွယ်ရှိ ဂရဇ်မန်းဟာ ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားတုန်းကလိုပဲ ပြင်သစ် အတွက် အဖိုးတန် ကစားသမား တဦး အဖြစ် ဆက်လက် စွမ်းဆောင်ပြနေဆဲဖြစ်ကာ ၊ မနေ့က ပွဲမှာတော့ သွင်းဂိုး ၊ ဂိုးဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပေမယ့် ၊ သီယို ဟာနန်ဒက်ဇ်ရဲ့ အဖွင့်ဂိုးဟာ ၄င်းဆီကနေ အခြေပြုခဲ့တာ ဖြစ်ပါတယ် ။

လာလီဂါ ကလပ် အက်သလက်တီကိုမှာတော့ ဂရဇ်မန်းဟာ တပွဲ မိနစ် ၃၀သာ ကစားရမယ် ဆိုတဲ့ ဘာစီလိုနာနဲ့ ကျန်သေးတဲ့ အရောင်းစာချုပ်ပါ အချက်ကြောင့် ပွဲကစားခွင့်တွေ အပြည့်အဝ ပြန်မရပဲ ခြေစွမ်းပြဖို့ ရုန်းကန်ထားရပါတယ် ။

သို့ပေမယ့် ပြင်သစ်မှာတော့ ဂရဇ်မန်းဟာ MVP စွမ်းဆောင်ရည်မျိုး ဖိုင်နယ် တက်ရောက်တဲ့ အချိန် အထိ ဆက်လက် ပြသနေဆဲ ဖြစ်ပါတယ် ။ ပွဲအပြီး BBC Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာတော့ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ဂရဇ်မန်းဟာ မနေ့ညက ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားပါတယ် ။

အလန်ရှီးယား က ” ဂရဇ်မန်းဟာ ကျွန်တော့ အတွက် ဒီပွဲရဲ့ Man of the Match ဖြစ်ပါတယ် ။ သူ့ကို အသုံးပြုပုံ မှန်ကန်တဲ့ ဒီဒီယာ ဒေရှမ့်စ်ကိုလည်း ခင်ဗျား မဖြစ်မနေ ချီးကျူးရမှာပါ ။ သူဟာ ပင်ကို အရည်အချင်း အရမ်း ပြည့်ဝပြီး ၊ ပွဲအကြောင်း ကြိုဖတ်နိုင်တဲ့ အလွန် ပါးနပ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ”

” ဒီပြိုင်ပွဲမှာ ပြင်သစ် အတွက် မကစားပေးနိုင်ခဲ့တဲ့ ကစားသမား အရေအတွက်ကို ခင်ဗျား တွေးကြည့်တဲ့အခါ ဂရဇ်မန်းနဲ့ အော်ရယ်လီယန် ချူဝါမန်နီတို့ ၂ဦးတည်းက ခံစစ်ပိုင်းကို အံ့အားသင့်ဖွယ် ကူညီပံ့ပိုးပေးထားတာကို သတိထားမိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာကတော့ ဂရဇ်မန်းဟာ ဒီပြိုင်ပွဲမှာ အန်ဂိုလို ကန်တေနဲ့ ပိုတူကြောင်း ချီးကျူးခဲ့သလို ၊ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ဂရဇ်မန်းကို ပြိုင်ပွဲတလျှောက် အကောင်းဆုံး ခံစစ် ကစားသမားလို့ ချီးကျူးသွားပါတယ် ။

ဒါ့အပြင် ဖာဒီနန် က ” ဂရဇ်မန်းရဲ့ ခံစစ် ကူကစားပေးနိုင်ပုံ အပြင် ကျွန်တော်တို့ဟာ သူ တိုက်စစ်တက်တဲ့အခါ ဘယ်လောက် အထိ ဖန်တီးမှု အထောက်အကူ ပေးတယ်ဆိုတဲ့ ဗီဒီယိုကလစ်တွေကိုလည်း ထုတ်ပြလို့ ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR