မန်ယူနိုက်တက်ကနေ ထွက်ခွာသွားနိုင်တဲ့ မက်ဂွိုင်းယားအတွက် အသင့်တော်ဆုံး top 6 ကလပ်ကို ပြောပြလိုက်တဲ့ အလီမက်ကွိုက်စ်

အလီမက်ကွိုက်စ်က ဟယ်ရီမက်ဂွိုင်းယား အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ နေရာပြန်ရဖို့ ခက်ခဲလိမ့်မယ်လို့ ယူဆနေပါတယ်။ မက်ဂွိုင်းယားဟာ ဒီရာသီ အစောပိုင်းမှာ ဒဏ်ရာပြသနာ ကြုံတွေ့ခဲ့ရတဲ့ အပြင် အဲရစ်တန်းဟတ်ဟာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ ရာဖေးဗာရန်း နဲ့ နွေရာသီ အိုင်ယက်ကနေ ပြောင်းလာခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ် တို့အတွဲကို ပိုမို နှစ်သက်နေတာကြောင့် ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် မရ ဖြစ်နေခဲ့ပါတယ်။

ဒ့ါကြောင့် ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ကာတာကမ္ဘာ့ဖလားကို match fitness မရှိဘဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာ နောက်ခံလူဟောင်းဟာ ကာတာမှာ သူ့ရဲ့ ပုံစံကောင်းကို ပြသနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ ပွဲထွက်စာရင်းမှာ ပြန်လည် နေရာရဖို့ ကတော့ ဒီလောက် မလွယ်ကူနိုင်ပါဘူး။

မက်ဂွိုင်းယားရဲ့ အနာဂတ်နဲ့ပက်သက်ပြီး ဒီတစ်ပတ် အစောပိုင်းက မေးမြန်းခဲ့ရာမှာ တန်းဟတ်က “ကျွန်တော့်ကို ဒီအကြောင်းနဲ့ပက်သက်ပြီး အကြိမ်များစွာ မေးမြန်းခဲ့ကြပါတယ်။ သူဟာ အမြင့်ဆုံးအဆင့်မှာ ကစားဖို့အတွက် လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ သူဟာ အင်္ဂလန်မှာ ပွဲအများစုကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ မန်ချက်စတာမှာတော့ သူ့ရဲ့ ကစားပုံမကောင်းခဲ့တဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့ပါတယ်။ အဲဒီနောက် ခက်ခဲမှုတွေ ကြုံရတာပါပဲ။

ဒါပေမယ့် သူအလုပ်ကို ကြိုးစားနေတဲ့ အခါမှာ ယုံကြည်မှုက ပြန်ရလာပါတယ်။ ဒါကို အင်္ဂလန်မှာ ခင်ဗျားတို့ မြင်တွေ့ခဲ့ရမှာပါ။ သူ့ကို မန်ချက်စတာယူနိုက်တက် အတွက် ကွင်းထဲမှာ အသုံးချဖို့ ကျွန်တော်တို့ အလိုရှိပါတယ်။ ကျွန်တော် သူ့ဆီက မျှော်လင့်ထားပါတယ်။ သူ့ဆီက ဘာကို မျှော်လင့်လို့ရသလဲဆိုတာ အသင်းက သိပါတယ်။ အကယ်၍ သူဒါကို ဖြည့်ဆည်းပေးနိုင်မယ် ဆိုရင် သူဟာ ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ရိန်းဂျားနဲ့ စကော့တလန် ဂန္တ၀င် မက်ကွိုက်စ်ကတော့ ယူနိုက်တက်မှာ နေရာမရနိုင်ဘူးဆိုရင် မက်ဂွိုင်းယား အနေနဲ့ အရန်ခုံမှာ အကြာကြီး ထိုင်နေမယ့်သူလို့ မယူဆဘဲ အသက် ၂၉ နှစ်အရွယ် ကစားသမား အတွက် အာဆင်နယ်ဟာ တအားကို ကောင်းလွန်းနေတာကြောင့် တော့တင်ဟမ် ကသာ ၎င်းအတွက် အသင့်တော်ဆုံး ကလပ် ဖြစ်တယ်လို့ ဆိုသွားပါတယ်။

မက်ကွိုက်စ်က “ကမ္ဘာ့ဖလားကနေ အပြန် မန်ချက်စတာယူနိုက်တက် အသင်းမှာ သူ နေရာ မရဘူးဆိုရင် မက်ဂွိုင်းယား အနေနဲ့ အိုးထရပ်ဖို့ဒ် ကနေ ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ အသင်းပြောင်းကောင်း ပြောင်းနိုင်တာ မဟုတ်ပါဘူး။ ဒီလို အခြေအနေကို ကြုံတွေ့ရမယ် ဆိုရင် သူ သေချာပေါက် အသင်း ပြောင်းရွေ့မှာပါ။ သူဟာ အရန်ခုံမှာ ပျော်ပျော်ကြီး ထိုင်နေမယ့်သူ မဟုတ်ပါဘူး။ သူဟာ ပုံမှန် ကစားခွင့် ရချင်တဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းမှာ ချက်ချင်း နေရာပြန်ရဖို့ အတွက် အာမခံချက် မရှိပါဘူး။ တန်းဟတ်ဟာ ဗာရန်း နဲ့ မာတီနက်ဇ် တို့ကို ကျော်ပြီး သူ့ကို နေရာ မပေးလောက်ပါဘူး။ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ပေါ်လာတာက သူဟာ စပါး အတွက် လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကော? ဒီအချိန်မှာတော့ အာဆင်နယ်ဟာ သူ့အတွက် အရမ်း ကောင်းလွန်းနေပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးတော့ ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM