ပြင်သစ်ကို ရှုံးခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အနိုင်နဲ့ အရှုံးကို ခြားနားသွားစေခဲ့တဲ့ အရာတွေကို ပြောပြလိုက်တဲ့ မော်ရိုကိုနည်းပြ

၀ယ်လစ်ရီဂရာဂီဟာ သူတို့ရဲ့ နိုင်ငံနဲ့ အာဖရိကတိုက်ကို ဂုဏ်ယူစေခဲ့တဲ့ မော်ရိုကို အသင်းသားတွေကို ချီးကျူးသွားခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်မှာ အသေးစိတ် အချက်အလက်လေးတွေဟာ ခြားနားမှုကို ဖြစ်စေကာ လက်ရှိ ချန်ပီယံ ပြင်သစ်ကို ဖိုင်နယ် ရောက်သွားစေခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။ အာဖရိကတိုက် ကိုယ်စားပြုကာ ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တဲ့ မော်ရိုကိုဟာ မနေ့ညက Al Bayt Stadium မှာ ပြင်သစ်ကို ပွဲချိန်အများစုမှာ ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

သီယိုဟာနန်ဒက်စ် နဲ့ ကိုလိုမူအာနီ တို့ရဲ့ သွင်းဂိုးတွေဟာ ခြားနားမှုကို ဖြစ်စေခဲ့ပြီး ဒီဒီယာဒေးချမ်းရဲ့ အသင်းဟာ လာမည့် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ရီဂရာဂီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တဲ့ လမ်းကြောင်းမှာ ထိပ်တန်း အသင်းကြီးတွေ ဖြစ်ကြတဲ့ ဘယ်ဂျီယံ စပိန် ပေါ်တူဂီ တို့ကို အနိုင်ယူလာခဲ့တဲ့ အသင်း ဖြစ်ပေမယ့် ဆီမီးဖိုင်နယ် မှာတော့ ပြင်သစ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။

ရီဂရာဂီက “ကျွန်တော်တို့ဟာ ကြီးကြယ်တဲ့ အောင်မြင်မှုကို ရထားခဲ့ပြီး ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ မီဒီယာတွေကလည်း ကျွန်တော်တို့ကို ဘယ်လို support လုပ်သလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ တီဗီမှာလည်း အားလုံးဟာ ဘယ်လောက် ဂုဏ်ယူနေကြသလဲ ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ မော်ရိုကို လူမျိုးတွေရဲ့ အိမ်မက်ကို ဆက်လက် ရှင်သန်စေချင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီရှုံးပွဲကနေ လေ့လာသင်ယူမှုတွေ လုပ်သွားမှာပါ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ လုပ်ပြထားခဲ့မှုတွေ အပေါ် ကျေနပ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက် ပိုမို စွမ်းဆောင်နိုင်သေးတယ်လို့ ခံစားမိနေပါတယ်။ အသေးစိတ်ကျတဲ့ အချက်အလက်တွေဟာ တကယ့် ချန်ပီယံကို အနိုင်ရသွားစေတာပါပဲ။ ဒါကို ကျွန်တော်တို့ ပြင်သစ်နဲ့ပွဲစဉ်မှာ မြင်ခဲ့ရပါတယ်။ သူတို့ဟာ ပွဲကို ခြားနားမှု ဖြစ်သွားစေနိုင်တဲ့ အရမ်းကို တောင့်တင်းတဲ့ အရန်လူစာရင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ကစားသမားတွေကို သူတို့အတွက် ဂုဏ်ယူမိတယ်ဆိုပြီး ကျွန်တော် ပြောခဲ့ပါတယ်။ မော်ရိုကို တစ်နိုင်ငံလုံးသာမကဘဲ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ဒီလူမျိုးတွေဟာ သူတို့ရဲ့ စွမ်းဆောင်မှု အပေါ် ဂုဏ်ယူနေကြမှာပါ။ ကျွန်တော်တို့ အလုပ်ကို အပြင်းအထန် ကြိုးစားခဲ့ကာ ရိုးသားတဲ့ပုံစံနဲ့ ဘောလုံးကစားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုးပဲ လုပ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ဟာ မော်ရိုကို နဲ့ အာဖရိကကို ကိုယ်စားပြုကာ ပုံရိပ်ကောင်း ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနာဂတ်မှာ ဒီထက် ပိုကောင်းအောင် လုပ်သွားရမှာပါ။

ဘောလုံးမြေပုံမှာ ရှိနေချင်တယ်ဆိုရင် ကျွန်တော်တို့ ဒါမျိုးကို ပုံမှန်လုပ်ပြနေရမှာပါ။ ကျွန်တော်တို့ဟာ ဘရာဇီး စပိန် အင်္ဂလန် တို့လောက်တော့ မကောင်းနိုင်ပေမယ့် ပြိုင်ပွဲတိုင်းမှာ ဒီလိုမျိုးအရာတွေ ဆက်တိုက်လုပ်ပြချင်ပါတယ်။ အဲဒီနောက် ဒါမျိုးဟာ မော်ရိုကိုတွေ အတွက် ပုံမှန်လို ဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို အာဖရိကသားတွေကို ပြသခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မော်ရိုကိုဟာ လာမည့် စနေနေ့မှာ တတိယနေရာလုပွဲ အဖြစ် ခရိုအေးရှားနဲ့ ကစားသွားရမှာ ဖြစ်ပြီး ရီဂရာဂီက မော်ရိုကို အနေနဲ့ နောက်တစ်ကြိမ် တိုက်ပွဲ၀င်သွားအုံးမှာ ဖြစ်တယ်လို့ ပြောလိ်ုက်ပါတယ်။

ရီဂရာဂီက “ဒါဟာ စိတ်ပိုင်းဆိုင်ရာအတွက် စိန်ခေါ်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ကစားသမား အများအပြား ဒဏ်ရာ ရရှိနေပြီး ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို နိုင်ချင်ပါတယ်။ ဒါ့အပြင် အခြား ကစားသမားတွေကိုလည်း သူတို့ ဘာလုပ်နိုင်သလဲဆိုတာ ပြသဖို့ အခွင့်အရေး ပေးသွားချင်ပါတယ်။ အရန်ခုံက တစ်ချို့ကစားသမားတွေဟာ ကြီးမားတဲ့ contribution ကို လုပ်ခဲ့ကြပေမယ့် ပွဲကစားချိန်တော့ သိပ်မရခဲ့ကြပါဘူး။ ဒီလို ရှုံးပွဲကို ကြုံခဲ့ရအပြီးမှာ အနာဂတ် အတွက် plan ချဖို့ဆိုတာ အမြဲ ခက်ခဲပါတယ်။ စနေနေ့မတိုင်မီ recover လုပ်သွားကာ တတိယနေရာကို ရယူပြီး ကိုယ့်ရဲ့နိုင်ငံကို ဂုဏ်ယူရအောင် ကျွန်တော်တို့ လုပ်သွားမှာပါ။”

SM