သူ့ဆီကနေ ပညာတွေ သင်ယူခဲ့ဖူးတဲ့ မော်ရိုကို နည်းပြ ရယ်ဂရာဂီ ကို ချီးကျူး စကား ဆိုလိုက်တဲ့ အာတေတာ

မနေ့က ညပိုင်းမှာ မော်ရိုကို နည်းပြ ဝါလစ်ဒ် ရယ်ဂရာဂီ နှင့် အာဆင်နယ် နည်းပြ မီခေးလ် အာတေတာ ရဲ့ ပတ်သက် ဆက်နွယ်မှု တစ်ခု အကြောင်း ဆိုရှယ် မီဒီယာထက်မှာ ပျံ့နှံ့လို့ လာခဲ့ပါတယ် ။ မော်ရိုကို နည်းပြ ရယ်ဂရာဂီ ဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်တုန်းက နည်းပြ အာတေတာ ပို့ချတဲ့ tactical seminar တစ်ခုကို တက်ရောက် လေ့လာ ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပါ ။

အဆိုပါ seminarမှာ နည်းပြ အာတေတာ ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာ မန်ချက်စတာ စီးတီး အသင်းကို ၂ ဂိုးပြတ် အနိုင်ရစဉ်တုန်းက သူ အသုံးပြုခဲ့တဲ့ နည်းဗျူဟာ နဲ့ idea တွေ အကြောင်း မျှဝေ ပြောကြား ပေးခဲ့ပါတယ် ။ အဲ့ဒီနှစ်တုန်းက အာတေတာ ရဲ့အာဆင်နယ် အသင်းဟာ မန်စီးတီး ၊ ချဲလ်ဆီး တို့ကို ကျော်ဖြတ်ပီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

အာတေတာ ဆီကနေ သင်ခန်းစာ ၊ အတွေ့အကြုံတွေကို လေ့လာ သင်ယူခဲ့ဖူးတဲ့ ရယ်ဂရာဂီ ရဲ့ မော်ရိုကို အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား မှာ ဆီမီးဖိုင်နယ် အဆင့် အထိ တက်လှမ်း ထားနိုင်ပြီး ဆီမီးဖိုင်နယ်ရောက် ပထမဆုံး အာဖရိက အသင်း ဆိုတဲ့ စံချိန် မှတ်တမ်းကိုလည်း စိုက်ထူ နိုင်ခဲ့ပါတယ် ။

မနေ့က အေစီမီလန် အသင်း နဲ့ ပွဲအပြီးမှာ သတင်းထောက်တွေဟာ နည်းပြ အာတေတာ ကို မော်ရိုကို နည်းပြ ရယ်ဂရာဂီ နဲ့ ပတ်သက်ပြီး မေးမြန်း ခဲ့ကြရာ ” မော်ရိုကို အသင်း အပေါ် ရယ်ဂရာဂီ ရဲ့ သက်ရောက်မှု က အတော်လေး ကြီးမားပါတယ် ၊ သူက ချီးကျူး ဂုဏ်ပြု ခံရဖို့ လုံးဝ ထိုက်တန်သူပါပဲ ၊ သူ လုပ်ပြ ထားတဲ့ အရာတွေက လုံးဝ အံ့မခန်းပါ ။ ”

” သူ မော်ရိုကို အသင်းကို ပြောင်းလဲ ပေးလိုက်တဲ့ အရာကလည်း သိပ်ကို ကြီးကျယ် ခမ်းနား လွန်းပါတယ် ။ ကမ္ဘာ့ဘောလုံး လောက စင်မြင့် မှာ အခုလို အာဖရိက အသင်း တစ်သင်း ဒီအဆင့် အထိ တက်လှမ်းလာနိုင်တယ် ဆိုတာက အပေါင်း လက္ခဏာ ဆောင်တဲ့ အရာလို့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မော်ရိုကို အသင်းဟာ ခရိုအေးရှား ၊ ကနေဒါ ၊ ဘယ်ဂျီယံ တို့ ပါဝင်တဲ့ အုပ်စု မှာ ပထမ နဲ့ ၁၆ သင်း အဆင့် ကို တက်လှမ်း ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မော်ရိုကို အသင်းဟာ ၁၆ သင်း အဆင့်မှာ စပိန် ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ် ကို ထပ်မံ တက်လှမ်း နိုင်ခဲ့ပါတယ် ။ ကွာတားဖိုင်နယ် မှာ​​လည်း ပေါ်တူဂီ အသင်း ကို ၁-၀ နဲ့ အနိုင်ယူ ကျော်ဖြတ် နိုင်ခဲ့ပါတယ် ။

ဆီမီးဖိုင်နယ် မှာတော့ မော်ရိုကို ဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် နဲ့ ကစားရပါမယ် ။ မော်ရိုကို အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလား မှာ ပြိုင်ဘက် ကစားသမားတွေရဲ့ ဂိုးသွင်းယူမှု ကို မခံရသေးတဲ့ တသင်းတည်းသော အသင်း ဖြစ်ပြီး Clean-Sheet ၄ ပွဲ အထိ ရယူ ထားနိုင်ပါတယ် ။

SM