‘ ဒါက ပင်နယ်တီ မဟုတ်ပါဘူး ‘ – အာဂျင်တီးနားဖက်ကို အဖွင့် ပင်နယ်တီ ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်အား ဝေဖန်လိုက်တဲ့ မိုဒရစ်

့ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှား အသင်းဟာ ယခု တကြိမ် ကမ္ဘာ့ဖလားမှာတော့ ဆီမီးဖိုင်နယ် အဆင့်မှာ အာဂျင်တီးနား အသင်းကို ၃ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် တတိယလုပွဲနဲ့တင် ကျေနပ်လိုက်ရပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ခရိုအေးရှားဟာ ရှေ့က တောက်လျှောက် ဖြတ်သန်းခဲ့တဲ့ အဆင့်တွေကလို ခံစစ် အသားပေးထက် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ပိုရခဲ့ပေမယ့် ၊ ဒါဟာ အာဂျင်တီးနားဖက်ကို ပင်နယ်တီ ဦးဆောင်ပေးခဲ့ရပြီးမှ ဖြစ်ခဲ့ပါတယ် ။

အဖွင့်ဂိုး အပြီးမှာ ခရိုအေးရှားရဲ့ ခံစစ်ကြောင်း ပြိုလဲခဲ့ရပြီး ၊ တန်ပြန်တိုက်စစ် ချောင်းကစားဖို့ ဦးတည်ခဲ့တဲ့ အာဂျင်တီးနားတို့ အတွက် အကြိုက် တွေ့စရာ ဖြစ်ခဲ့ပါတယ် ။ နောက်ထပ် ဦးဆောင်ဂိုး ၂ဂိုးလည်း လီယွန်နယ် မက်ဆီ ၊ ယူလီယန် အဲလ်ဗားရက်ဇ်တို့ကို မထိန်းနိုင်ခဲ့တာကြောင့် ခရိုအေးရှားတို့ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ် ။

သို့ပေမယ့် ခရိုအေးရှားတို့ရဲ့ စိတ်ဓာတ်ကို ပြိုလဲခဲ့ရတဲ့ အခိုက်အတန့်ကတော့ ပွဲချိန် ၃၂မိနစ်မှာ အီတလီလူမျိုး ကွင်းလယ်ဒိုင် ဒန်နီရယ် အော်ဆာတိုက အာဂျင်တီးနားဖက်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ် ။ ဒီပင်နယ်တီဟာ ၅၀ – ၅၀ အနေအထား အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ် ။

ခရိုအေးရှား အသင်းခေါင်းဆောင် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကတော့ ၄င်းရဲ့ အသင်းဖော် ဂိုးသမား ဒိုမီနစ် လီဗာကိုဗစ်ဟာ အာဂျင်တီးနား တိုက်စစ်မှူး ယူလီယန် အဲလ်ဗားရက်ဇ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ယုံကြည်နေပြီး ၊ အာဂျင်တီးနားဖက်ကို ပင်နယ်တီ ခွင့်ပြုခဲ့တဲ့ အော်ဆာတိုရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ အခုလိုပဲ ဝေဖန် ပြောဆိုခဲ့ပါတယ် ။

TycSports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မိုဒရစ် က ” ကျွန်တော်ဟာ ကွင်းလယ်ဒိုင်တွေ အကြောင်း ပြောရတာ မကြိုက်ပေမယ့် ၊ ဒါကတော့ အဆိုးရွားဆုံးတွေထဲက တဦးပါပဲ ။ ကျွန်တော့မှာ သူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အမှတ်တရ တခုမှ မရှိပါဘူး ။ သူဟာ တကယ် ကပ်ဆိုးတခုပါပဲ ။ ”

” ကျွန်တော့ အတွက်တော့ ဒါက ပင်နယ်တီ မဟုတ်ခဲ့ပါဘူး ။ ဒီလို အနေအထားမျိုး ရှိခဲ့ပေမယ့် ၊ အာဂျင်တီးနား စွမ်းဆောင်ပြခဲ့တာကိုတော့ ကျွန်တော် ဘာမှမပြောချင်ပါဘူး ။ ဒီပင်နယ်တီက ကျွန်တော်တို့ကို သတ်လိုက်သလိုပါပဲ ။ အခုတော့ ကျွန်တော်တို့ တတိယနေရာလုပွဲ အတွက် အနားယူပြီး ၊ အဲဒီပွဲကို အနိုင်ရအောင် ကြိုးစားရတော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၄၇နှစ် အရွယ်ရှိ အော်ဆာတိုဟာ ၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့ဖူးတဲ့ အပြင် ၊ ပြီးခဲ့တဲ့ ရာသီ ရီးရဲလ်မက်ဒရစ် – မန်စီးတီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုပါ တာဝန်ယူဖူးတာကြောင့် မိုဒရစ် အတွက် မစိမ်းတဲ့ကွင်းလယ်ဒိုင် ဖြစ်ပါတယ် ။

မိုဒရစ်ရဲ့ ဝေဖန်မှုကို ထောက်ခံတဲ့ အနေနဲ့ ခရိုအေးရှား အသင်းဖော် ၊ ချဲလ်ဆီး ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် က ” ကျွန်တော်တို့ဟာ ပင်နယ်တီကြောင့် ရှုံးခဲ့တာပါ ။ ဒါပေမယ့် ဖြစ်ပြီးတာက ဖြစ်ပြီးပါပြီ ။ အခြေအနေ ၂ခုလုံးက ကျွန်တော့ အတွက် အထူးအဆန်းလို ဖြစ်ခဲ့ပါတယ် ။ ပထမတကြိမ် သူ ကျွန်တော်တို့ကို ထောင့်ကန်ဘော မပေးခဲ့ပါဘူး ။ ”

” အဲဒီနောက် ဒီပင်နယ်တီ ဆုံးဖြတ်ချက်က လိုက်လာပါတယ် ။ ကျွန်တော်ဟာ ကွင်းလယ်ဒိုင်တွေ အကြောင်း ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး ။ ဒါတွေက မဟာ အမှားကြီးတွေပါ ။ ဒီဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR