အာဆင်နယ် အသင်းကို စရောက်ချိန်မှာ သူ့ကို အံ့အားသင့်စေခဲ့တဲ့ အသင်းဖော် ကစားသမား နာမည် ပြောကြားလိုက်တဲ့ ဇင်ချန်ကို

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာ စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့တဲ့ ဇင်ချန်ကို က လူငယ် တိုက်စစ်မှူး အန်ကီတီးယား ရဲ့ စွမ်းဆောင်ရည် ကို မြင်တွေ့ လိုက်ရချိန်မှာ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်လို့ ပြောကြား လာခဲ့ပါတယ် ။

အန်ကီတီးယား ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ပွဲထွက် ကစားခွင့် ဆက်တိုက် ရရှိခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ စာချုပ် သက်တမ်း တိုးမြှင့်ပြီး ဂန္တဝင် ကျောနံပါတ် ၁၄ ကို ပေးအပ်လိုက်တာပါ ။အန်ကီတီးယား ကျောနံပါတ် ၁၄ ရရှိ သွားချိန်မှာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ် ။

အသက် ၂၃ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အန်ကီတီးယား ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ အာဆင်နယ် အသင်း အတွက် ပွဲထွက် ကစားရခြင်း မရှိသေးပါဘူး ။ ဒီရာသီမှာတော့ ဂျေးဇု ရောက်ရှိလာမှု နဲ့ အတူ အန်ကီတီးယား ဟာ အရန်ခုံမှာပဲ ထိုင်နေရပြီး ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေမှသာ ပွဲထွက် ကစားခွင့် ရနေပါတယ် ။

ဒါပေမယ့် ဘရာဇီး အသင်း အတွက် ကစားပေးရင်း ဂျေးဇု တစ်ယောက် ဒဏ်ရာ ရရှိသွားခဲ့ပြီး သုံးလခန့် အနားယူရမှာ ဖြစ်တာကြောင့် အန်ကီးတီးယား အနေနဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။ အာဆင်နယ် ပရိသတ်တွေကတော့ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကို အန်ကီတီးယား ဦးဆောင်နိုင့်ပါမလား ဆိုတာ စိုးရိမ် နေကြပါတယ် ။

ဇင်ချန်ကို ကတော့ အန်ကီတီးယား ဆီမှာ အံ့ဖွယ် အရည်အသွေးတွေ ရှိနေတယ်လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။ ” ကျနော် ဒီကို ရောက်တဲ့ အချိန်ကတည်းက အန်ကီတီးယား က အံ့ဖွယ် ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာ မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီတုန်းက သူ့ကို အသေအချာ စောင့်ကြည့်ခဲ့ဖူးတာတောင် အာဆင်နယ် ကို ရောက်တော့ သူ့ရဲ့ ခြေစွမ်းအပေါ် အများကြီး အံ့အား သင့်ခဲ့ရပါတယ် ၊ သူ့ရဲ့ အရည်အသွေး အရည်အချင်း က အတော်လေး အထင်ကြီးစရာ ကောင်းပါတယ် ၊ သူ့မှာ အလားအလာကောင်းတွေ အများကြီး ရှိပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင် ထားပါတယ် ။ ”

” သူက အလုပ်လည်း အင်မတန် ကြိုးစားသူ ဖြစ်တာကြောင့် သူ့ရဲ့ ခြေစွမ်းအပေါ် လုံးဝ သံသယ မဖြစ်မိပါဘူး ။ သူ တက်နိုင်သလောက် အသင်းကို အကူအညီ ပေးနိုင်မယ်ဆိုတာ သေချာပါတယ် ၊ ခုအချိန်မှာ သူ့အတွက် ဖိအား အနည်းငယ် ရှိနေပါတယ် ၊ ဒါကိုလည်း သူ နားလည်သဘောပေါက်ပါတယ် ၊ လက်ကျန် ရာသီမှာ သူက အသင်းအတွက် သိပ်ကို အရေးပါတဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM