ဘရာဇီး အသင်းဖော်တွေရဲ့ ခွင့်ပြုချက် မရပဲနဲ့ WhatsApp မက်ဆေ့ခ်ျတွေကို ချပြလာတဲ့ နေမာ

ဘရာဇီး အသင်းဟာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့ည က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲမှာ ခရိုအေးရှား အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ၊ နောက်ထပ် ကမ္ဘာ့ဖလား ချန်ပီယံ အိပ်မက်ကို လက်လွှတ်ခဲ့ရပြန်ပါတယ် ။

ထိုပွဲမှာ ဘရာဇီးတို့ အားထားရတဲ့ စူပါစတား နေမာက teamwork ကောင်းကောင်းနဲ့ အချိန်ပို ပထမပိုင်းမှာမှ အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့် ၊ လက်ကျန် ၁၅မိနစ် အထိ ဘရာဇီးတို့ တောင့်မခံနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ် ။

အသက် ၃၀နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာ အတွက်တော့ ချန်ပီယံ ဖြစ်ဖို့ လုံလောက်တဲ့ ကစားသမား အင်အားမျိုး ရှိနေချိန် ကမ္ဘာ့ဖလား အိပ်မက် ထပ်မက်ဖို့ နောက်၄နှစ် ထပ်စောင့်ရတော့မှာ ဖြစ်တာကြောင့် ထိုအခိုက်အတန့်က ကြေကွဲဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ် ။

၂၀၂၆ ကမ္ဘာ့ဖလား ဆင်နွှဲဖို့ မသေချာတဲ့ နေမာဟာ မနေ့ကပဲ ၄င်းရဲ့ အင်စတာဂရမ် အကောင့်မှတဆင့် ဘရာဇီး အသင်းဖော်တွေရဲ့ ခွင့်ပြုချက် မပါပဲနဲ့ ပွဲအပြီး WhatsApp မက်ဆေ့ခ်ျ ဖလှယ်ခဲ့တာတွေ လူသိရှင်ကြား ထုတ်ဖော်သွားခဲ့ပါတယ် ။

ပထမဆုံး မက်ဆေ့ခ်ျမှာ နေမာဟာ ပီအက်စ်ဂျီ အသင်းဖော်လည်းဖြစ် ၊ ဘရာဇီးရဲ့ နောက်ဆုံး ပင်နယ်တီကို တိုင်ထိအောင် ကန်ခဲ့တဲ့ ခံစစ်မှူး မာကွင်ညော့စ်ထံ သွားရောက် အားပေးခဲ့တာ ဖြစ်ပြီး ၊ ယင်းမက်ဆေ့ခ်ျမှာ ပါဝင်ခဲ့တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

 

နေမာ က ” မင်း ဘယ်လိုနေလဲ ? ငါဟာ မင်းရဲ့ ပရိသတ် တဦး ဖြစ်ကြောင်း ပြောဖို့ ဒီကို ရောက်နေတာ ။ ပင်နယ်တီ တလုံးက မင်းနဲ့ ပတ်သက်တဲ့ ငါ့ရဲ့ ခံစားချက်တွေကို ပြောင်းလဲစေမှာ မဟုတ်ဘူး ။ ငါ မင်းနဲ့ အမြဲ ရှိနေမှာ ဖြစ်သလို ၊ မင်းကို ချစ်တယ် ဆိုတာ မင်းလည်း သိမှာပါ ။ ” လို့ ရေးပို့ခဲ့ပါတယ် ။

၄င်းရဲ့ မက်ဆေ့ခ်ျကို တုန့်ပြန်တဲ့ အနေနဲ့ မာကွင်ညော့စ် က ” Hey ဘရားသား ၊ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့တော့ အခြေအနေ တိုးတက်မှု ရှိလာပါပြီ ။ ဒါတွေ အားလုံးကနေ ပြန်ပြီး သက်သာလာဖို့ အချိန်ပေးနေရုံပဲ ရှိပါတယ် ။ ခင်ဗျားရော ? ဘယ်လိုနေသလဲ ? ဒီမက်ဆေ့ခ်ျ အတွက် ၊ ကျွန်တော့ အကြောင်း စဉ်းစားပေးတဲ့ အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ် ။ ခင်ဗျားဟာ တကယ် အံ့သြဖွယ်ကောင်းပါတယ် ။ ”

” အရာရာ အဆင်ပြေဖို့သာ ကျွန်တော် အလိုရှိပါတယ် ။ ဒီ ပင်နယ်တီ လွဲချော်မှုက ကျွန်တော်တို့ရဲ့ အိပ်မက်ကို တားဆီးခဲ့တဲ့ အကြောင်း စဉ်းစားမိတိုင်း ရင်နာရပါတယ် ။ ဒါပေမယ့် ရှေ့ဆက်လျှောက်ကြရအောင်ပါ ။ ကျွန်တော်တို့တွေ အားတင်းထားရပါမယ် ။ အချိန်တွေကို ဒီအတိုင်း ဖြတ်သန်းစေပြီးမှ ၊ ဘောလုံးက ကျွန်တော်တို့ အတွက် ရှေ့မှာ ဘာတွေ စောင့်ကြိုနေမလဲ ဆိုတာ အတူတူ စောင့်ကြည့်ရအောင်ပါ ။ ” လို့ ရေးသားခဲ့ပါတယ် ။

တဖန် နေမာကလည်း ” ဒါက ငါစဉ်းစားနေတာနဲ့ လုံးဝ တထပ်တည်းပဲ ။ အရာရာကို ဒီအတိုင်းလေးပဲ ဖြတ်သန်းခွင့်ပေးလိုက်ပါ ။ ကောင်းတဲ့အခိုက်အတန့်ပဲဖြစ်ဖြစ် ၊ ဆိုးရွားတဲ့ အခိုက်အတန့်ပဲဖြစ်ဖြစ်ပေါ့ ။ အားတင်းထားပါ ၊ မင်းရဲ့ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေပါ ၊ ငါက မင်းရဲ့ အသင်းဖော် တဦး သာမက ၊ မိတ်ဆွေ တဦးလည်း ဖြစ်တယ် ဆိုတာ သတိရနေပါ ။ ငါ မင်းကို ချစ်တယ် ၊ ငါတို့ အတူတူ ရှေ့ဆက်ကြမယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

အဆုံးမှာတော့ မာကွင်ညော့စ် က ” ဒါ အမှန်ပဲ ဘရာသား ။ ဒီကို ရောက်လာတဲ့ ကျွန်တော်တို့ပဲ ဒီအထိ ဘယ်လို ဖြတ်သန်းခဲ့ရလဲ ၊ ဒီရက်တွေ အတွင်း ဘာတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ ဆိုတာ သိကြတာပါ ။ ဒါကြောင့် ဒီရှုံးပွဲက အရမ်း နာကျင်ခံစားရပါတယ် ။ နာကျင်မှုက ပြင်းထန်လွန်းပေမယ့် ၊ ဘုရားသခင်ကပဲ သူ ဘာတွေ လုပ်နေလဲ ဆိုတာ သိနိုင်ပါမယ် ။ သူ ကျွန်တော့ကို ဒါမျိုး ရင်ဆိုင်ရအောင် ဖန်တီးခဲ့တာဆိုရင် ကျွန်တော် ဒါကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သူသိလို့ပဲ ဖြစ်ရပါမယ် ။ ”

” ခင်ဗျားက အံ့သြဖွယ်ကောင်းပါတယ် ၊ ကိုယ့်လူ ။ တကယ်ပြောနေတာပါ ။ ကျွန်တော်ဟာ ခင်ဗျားရဲ့ ပရိသတ် တဦးပါ ။ ခင်ဗျားကို ကျေးဇူးတင်ပါတယ် ။ ခင်ဗျားလည်း နေကောင်းအောင် နေပါ ။ လာမယ့် တိုက်ပွဲတွေမှာ ကျွန်တော်တို့ တဦးကို တဦး လိုအပ်လာပါဦးမယ် ။ ခင်ဗျားကို ကျွန်တော် တကယ် ချစ်ပါတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

ထိုမှတဖန် နေမာဟာ ဘရာဇီး အသင်းခေါင်းဆောင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားထံသို့ သွားရောက် အားပေးခဲ့ပြန်ပါတယ် ။ အသက် ၃၈နှစ် အရွယ်ရှိ ယင်းချဲလ်ဆီးခံစစ်မှူး အဖို့ လက်ရွေးစင် ကစားသမား ဘဝမှ အနားယူဖို့ မကြေညာသေးသည့်တိုင် ၊ ဒါဟာ ၄င်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်သွားပြီလို့ ကျိန်းသေပေါက် တွက်ဆနိုင်ပါတယ် ။

နေမာ က ” ကျွန်တော်တို့ ဒါကို မေ့ပြီး ရှေ့ဆက်ရတော့မယ် ၊ ကိုယ့်လူရေ ။ ကံမကောင်းစွာနဲ့ ဒီလို ဖြစ်လာခဲ့တယ် ။ ကျွန်တော်လည်း ခင်ဗျားကို ဒီကမ္ဘာ့ဖလားကြီး ယူပေးချင်ခဲ့တာပါ ။ ခင်ဗျားရယ် ၊ ဒန်နီရယ် ၊ ကျွန်တော်ရယ်ဆို ၊ ဒီဖလား ရဖို့ ထိုက်တန်လွန်းနေပါပြီ ။ ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့ အတွက် ရည်ရွယ်ထားတာ တခုခု ရှိမှာပါ ။ သူပဲ အရာရာကို သိပါလိမ့်မယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား က ” ညီလေးရေ ၊ ဒါက ငါထင်ထားတာထက် ပိုပြီး ခံစားရခက်ခဲ့တယ်ကွာ ၊ တကယ်ပါ ။ ငါ ဒါကို ဆက်ပြီး မခံစားနိုင်တော့ဘူး ။ ငါတို့ ဒီပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို မယုံနိုင်ခဲ့ဘူး ။ ဒီအကြောင်း သတိရမိတဲ့ အခါတိုင်း ငါငိုချင်လာတယ်ကွာ ။ ဒါပေမယ့် ငါ အဆင်ပြေပါတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။ အဆုံးမှာတော့ ဘရာဇီးရဲ့ အဖွင့် ပင်နယ်တီ လွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ် လူငယ် တောင်ပံ ကစားသမား ရိုဒရိုင်ဂိုထံ အားပေးခဲ့ပါတယ် ။

နေမာ က ” ညီငယ်ရေ ၊ ငါ မင်းကို ပြောချင်တာက မင်းဟာ တကယ့် baller တဦး ဆိုတာပဲ ။ မင်းရဲ့ ကစားသမား ဘဝ တစိတ်တပိုင်းမှာ ပါဝင်ခွင့် ရလို့ ၊ မင်းဆီကနေ ငါက မင်းရဲ့ အိုင်ဒေါ ဖြစ်တယ် ဆိုတာ ကြားရလို့ ၊ မင်းကို ဘရာဇီးရဲ့ သမိုင်းဝင် ကစားသမား တဦး အဖြစ် မြင်ရလို့ ဂုဏ်ယူမိတယ်ကွာ ။ ”

” ပင်နယ်တီဆိုတာ ကန်ဖို့ တာဝန်ယူလိုက်တဲ့သူတိုင်းမှာ လွဲချော်နိုင်ခြေ ရှိတာပါပဲ ။ ငါဆိုလည်း ကစားသမား ဘဝမှာ ပင်နယ်တီတွေ အများကြီး လွဲခဲ့ဖူးတာပဲ ။ ဒီကနေ ငါလည်း သင်ယူခဲ့ရတာ ။ ဒါပေမယ့် ငါ ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဘူး ။ ပိုကောင်းအောင် အမြဲ ကြိုးစားခဲ့ပြီး ၊ နေရာတိုင်းမှာ တိုးတက်လာဖို့ တိုက်ပွဲဝင်ခဲ့တယ် ။ ”

” ငါ မင်းကို အများကြီး နှစ်ထောင်းအားရဖြစ်မိတယ် ၊ ကစားသမား တယောက် အနေနဲ့ရော ၊ စိတ်ကောင်းရှိတဲ့ ချာတိတ် တဦး အနေနဲ့ရောပေါ့ ။ အားတင်းထားပါ ။ ဝေဖန်မှုတွေက မင်းကို ဒီထက် ပိုပြီးတော့သာ သန်မာကြံ့ခိုင်စေမှာပါ ။ ငါ အရင်က ပြောဖူးတဲ့ အတိုင်း မင်းဟာ တချိန်ကျရင် ဘရာဇီး အတွက် ကမ္ဘာ့ဖလား ယူဆောင်ပေးနိုင်လိမ့်မယ် ။ ”

” မင်းကို ကမ္ဘာပေါ်က အောင်မြင်မှုတိုင်း ရရှိဖို့ ဆုတောင်းပေးတယ်ကွာ ။ အခုတော့ ဒီရက်ပိုင်း အတွင်း စိတ်ကို အနားပေးထားလိုက်ဦး ၊ ပြီးမှ အရာရာနဲ့ အတူ ပြန်လာပါ ။ မင်း ငါ့ကို လိုအပ်တဲ့အခါတိုင်း ငါ ဒီမှာ ရှိနေတယ် ။ ငါတို့ အားလုံး ဒီကိစ္စမှာ အတူတကွ ရှိကြတယ်လေ ။ ” လို့ ရေးသားခဲ့ပါတယ် ။

ရိုဒရိုင်ဂို က ” နှလုံးသားထဲကနေ အရာရာ အတွက် ကျေးဇူးတင်ပါတယ် ၊ အိုင်ဒေါရေ ။ ခင်ဗျားရဲ့ အိပ်မက်ကို နှောင့်နှေး ကြန့်ကြာစေခဲ့အောင် လုပ်မိခဲ့တဲ့ အရာတိုင်း အတွက် ကျွန်တော် တောင်းပန်ပါတယ် ။ ခင်ဗျား လက်ရွေးစင် အသင်းမှာ ကျွန်တော်တို့နဲ့ အတူ ဆက်ကစားဖို့ မျှော်လင့်ပါတယ် ။ ဒါမှ ကျွန်တော်တို့တွေ အောင်မြင်မှုတွေ အတူတူ ဆွတ်ခူးနိုင်ဦးမှာပါ ။ ”

” ခင်ဗျား ကျွန်တော်တို့နဲ့ အတူ ရှေ့ဆက် ကစားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ။ ကျွန်တော်တို့ အားလုံး အမြဲ အတူတကွပါပဲ ။ ချစ်ခြင်းမေတ္တ္တာတွေ အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

နေမာ က ” တောင်းပန်တယ် ဆိုတဲ့ စကားမျိုး မပြောပါနဲ့ ။ မင်းရူးနေလား ? ပင်နယ်တီ ကန်ဖို့ တာဝန်ယူလိုက်တဲ့သူတိုင်း လွဲနိုင်တာပဲ ။ မင်းက baller တယောက် ။ ဒါပေမယ့် ငါ မင်းကို နောက်မှ ပင်နယ်တီ ကန်ပုံကန်နည်းတွေ သင်ပြပေးမယ်ကွာ ။ ငါတို့ အားလုံး အတူတကွပဲလေ ။ ကိုယ့်ကိုယ့်ကို ဂရုစိုက် ငါ့လူရေ ။ ” လို့ ရေးသားခဲ့ပါတယ် ။

ရိုဒရိုင်ဂို က ” ကျွန်တော်လည်း ဒီသင်ပြမှုတွေ လိုအပ်နေတယ် ” ဆိုပြီး မျက်ရည်ထွက်လျက် ရယ်နေတဲ့ emoji သုံးကာ စာပြန်ခဲ့ပါတယ် ။ ဒီလို အသင်းတွင်း မက်ဆေ့ခ်ျတွေကို ဘာကြောင့် public အရှေ့ ထုတ်ဖော် ပြသရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး နေမာက အခုလိုပဲ ရှင်းလင်းသွားပါတယ် ။

နေမာ က ” ကျွန်တော် ဒီ chat တွေကို ထုတ်ပြရတာဟာ ကျွန်တော်တို့ ကမ္ဘာ့ဖလား ဆွတ်ခူးဖို့ ဘယ်လောက်ထိ ဆန္ဒပြင်းပြခဲ့တယ် ၊ ကျွန်တော်တို့ ဘယ်လောက်ထိ စည်းလုံးညီညွတ်ခဲ့ကြတယ် ဆိုတာ ပြသဖို့ ဖြစ်ပါတယ် ။ ကျွန်တော်ဟာ ဂုဏ်ယူမှုများစွာ ၊ ချစ်ခြင်းမေတ္တာ များစွာ ရထားတဲ့ ဘရာဇီးသား တဦး ဖြစ်ပါတယ် ။ ” လို့ ရှင်းလင်းခဲ့ပါတယ် ။

SPORTS MYANMAR