ဇန်ဝါနရီ အပြောင်းအရွေ့မှာ လီဗာပူးတို့ ပေါ်တူဂီစတားကို ဘာကြောင့် ခေါ်ယူသွားသင့်သလဲဆိုတာ ရှင်းပြလိုက်တဲ့ ပီတစ်

အာဆင်နယ် ဂန္တ၀င် ဖြစ်သူ အီမန်နူရယ်ပီတစ်က လီဗာပူး အသင်း အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ပေါ်တူဂီစတား ယာအိုဖီးလစ်ကို ဘာကြောင့် ခေါ်ယူသင့်သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ် စတားနဲ့ လီဗာပူး တို့ရဲ့ အပြောင်းအရွေ့ သတင်းဟာ အတိတ်မှာတုန်းက ပေါ်ထွက်ခဲ့ဖူးပေမယ့် ဒါဟာ ကောလဟာလ အဆင့် အနေနဲ့သာ ရှိခဲ့ပါတယ်။

အက်သလက်တီကိုဟာ သူတို့ရဲ့ ကစားဟန်နဲ့ ကိုက်ညီမှု မရှိ ဖြစ်နေတဲ့ ဖီးလစ်ကို လာမည့် ဇန်နဝါရီလမှာပဲ ရောင်းထုတ်သွားချင်နေပြီး မကြာသေးမီက စပိန်နဲ့ ပေါ်တူဂီမှာ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေအရ ကလည်း ဖီးလစ်ဟာ နှစ်သစ်မှာ စိန်ခေါ်မှုအသစ်ကို ရှာဖွေသွားရန် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

The Athletic ရဲ့ ဖော်ပြချက် အရ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှုးကို အာဆင်နယ် နဲ့ အက်စတွန်ဗီလာ တို့က စိတ်၀င်စားမှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဂန်းနား နဲ့ ပြင်သစ် ကြယ်ပွင့်ဟောင်း ပီတစ်က လီဗာပူး အနေနဲ့ ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားသွားနိုင်တယ်လို့ ယူဆနေပါတယ်။

လီဗာပူးတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ လူး၀စ်ဒီယက် နဲ့ ဒီယိုဂိုဂျိုတာ တို့ဟာ ကာလရှည် ဒဏ်ရာတွေ ရရှိနေကြပြီး ဒီယက်ဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာ ပြန်လည် ရရှိသွားခဲ့တာကြောင့် ၃ လလောက် အနားယူရမှာ ဖြစ်သလို ဂျိုတာ ကလည်း ဖေဖော်ဝါရီလမှာသာ ပြန်ကစားနိုင်ဖို့ ရှိနေကာ လီဗာပူးတိုက်စစ်ရဲ့ တိုက်စစ်ပိုင်းက ရွေးချယ်စရာ နည်းပါးနေပါတယ်။

ပီတစ်ကတော့ ဘင်ဖီကာ ကနေ အက်သလက်တီကို ပေါင် ၁၁၃ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဖီးလစ်ဟာ ယာဂန်ကလော့ရဲ့ system နဲ့ လုံး၀ အံ၀င်ခွင်ကျ ဖြစ်မယ့်သူ ဖြစ်တယ်ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

ပီတစ်က “ယာအိုဖီးလစ်လို အရည်အသွေး မြင့်မားလှတဲ့ ကစားသမား တစ်ဦးကို ရရှိတဲ့ ဘယ်ကလပ် မဆို တကယ် ကံကောင်းမှာပါ။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘယ်လောက် ကောင်းတဲ့ ကစားသမားလဲ ဆိုတာ သက်သေပြထားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်လို ခံစစ် အသားပေး ကစားတဲ့ system မှာ ကစားရဘူး ဆိုရင် ဖီးလစ်ဟာ အသင်းတိုင်းကို ကောင်းစွာ ခြိမ်းခြောက်မှု ပေးနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။

ကျွန်တော် သူ့ကို အာဆင်နယ် ဒါမှမဟုတ် ချဲလ်ဆီး တသင်းသင်းကို ပြောင်းရွေ့တာ မြင်ချင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ သူ လီဗာပူးကို ပြောင်းသွားလိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ်။ သူ့ကို ကြည့်ရတာ ယာဂန်ကလော့ စိတ်ကြိုက် ဖြစ်မယ့် ကစားသမား ပုံစံမျိုး စြဖ်ပါတယ်။ ဒါ့အပြင် လူး၀စ်ဒီယက် နဲ့ ဂျိုတာ တို့ အချိန်တစ်ခုကြာ အနားယူသွားရမယ့် အခြေအနေတွေကြောင့် လီဗာပူးဟာ သူ့ကို လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ ကြိုးစား သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM