ချဲလ်ဆီးမှာ ခြေစွမ်း ပျောက်နေတဲ့ စတား တဦး ဘာကြောင့် ကမ္ဘာ့ဖလားမှာ ပုံစံကောင်းရနေလဲ ဆိုတာ သုံးသပ်လိုက်တဲ့ အီယန်ရိုက်

လက်ရှိ ကာတာ ကမ္ဘာ့ဖလားမှာ နောက်ဆုံး အသင်း ၄သင်းသာ ကျန်ရှိတော့ပြီး ၊ ယနေ့ညနဲ့ မနက်ဖြန်ညမှာ ဆီမီးဖိုင်နယ် တပွဲစီ ကျင်းပ ကစားသွားဖို့ ရှိပါတယ် ။ ထို၄သင်းမှာ အာဖရိက သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ မော်ရိုကို အသင်းလည်း တသင်း အပါအဝင် ဖြစ်ပါတယ် ။

မော်ရိုကိုဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ခံစစ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေကာ ၊ own goal တဂိုးသာ ခွင့်ပြုရပါသေးတယ် ။ အုပ်စုတွင်းမှာ ခရိုအေးရှား ၊ ဘယ်လ်ဂျီယမ်တို့ကို နောက်ကောက်ချကာ ၊ ဗိုလ်နေရာနဲ့ ၁၆သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် မော်ရိုကိုဟာ ၁၆သင်း အဆင့်မှာ စပိန် ၊ ကွာတားအဆင့်မှာ ပေါ်တူဂီတို့ကို ဖြုတ်ချနိုင်ခဲ့ပြီး ၊ မနက်ဖြန်ညမှာ လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ လက်ရှိ မော်ရိုကို အသင်းမှာ ခြေစွမ်းပြနေတဲ့ စတားတွေ အနက် ချဲလ်ဆီး အသင်းမှာ ဒီရာသီ ပွဲထွက်ခွင့် တကြိမ်သာ ရသေးတဲ့ တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၉နှစ် အရွယ်ရှိ ဇီယက်ခ်ျဟာ ဒီကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် တဂိုးသွင်း ၊ တဂိုး ဖန်တီးပေးထားပြီး ၊ ယခင် နည်းပြဟောင်း ဟာလီဟိုဇစ် လက်ထက်မှာတုန်းက လက်ရွေးစင် အသင်းကနေပါ အနားယူခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။ အခု လက်ရှိ နည်းပြ ဝါလစ် ရီဂရာဂီ လက်ထက်မှာတော့ ဇီယက်ခ်ျ တယောက် အဓိက ကစားသမား တဦး အဖြစ်နဲ့ ပွဲထွက်ခွင့်တွေ ဆက်တိုက် ရရှိထားပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ချဲလ်ဆီးမှာ ပြီးခဲ့တဲ့ ရာသီမှာကတည်းက ရုန်းကန်နေခဲ့ရတဲ့ ဇီယက်ခ်ျဟာ မော်ရိုကိုနဲ့ အတူ ဘာကြောင့် ခြေစွမ်း ပြနေရသလဲ ဆိုတာ Wrighty’s House Podcast နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

အီယန်ရိုက် က ” ဒီကမ္ဘာ့ဖလားမှာ ကျွန်တော် ဟာကင် ဇီယက်ခ်ျကို သဘောကျ နှစ်သက်နေမိပါတယ် ။ သူ့ရဲ့ ကစားပုံကို ကျွန်တော် အရမ်း နှစ်သက်ပါတယ် ။ နိုင်ငံအသင်း အတွက် ကစားပေးတဲ့အခါ သူဟာ မတူညီတဲ့ ခွန်အားနဲ့ ကစားတာကို တွေ့ရပါတယ် ။ ”

” ကျွန်တော် သူ့အကြောင်း မကောင်းပြောတာ မဟုတ်ပေမယ့် ၊ ချဲလ်ဆီးမှာ ကစားတုန်းက ကျွန်တော် သူ ကစားတာကို သတိထား စောင့်ကြည့်ဖူးပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်း ကွာခြားမှုက နိုင်ငံ အသင်းနဲ့ ကစားတဲ့ အချိန်မှာမှ ဖြစ်ပါတယ် ။ ”

” ပြီးခဲ့တဲ့ လက်ရွေးစင် နည်းပြဟောင်းနဲ့တုန်းက သူ့မှာ ပြဿနာတွေ အများကြီး ရှိခဲ့ဖူးတာကို မမေ့လိုက်ပါနဲ့ဦး ။ သူ အဲဒီတုန်းက အသင်းမှာ ကစားခွင့်တောင် မရခဲ့ပါဘူး ။ အခုတော့ မော်ရိုကိုဟာ သူတို့ လိုချင်တဲ့ နည်းပြကို ခေါ်ခန့်နိုင်ခဲ့ပြီဆိုတော့ သူတို့ ရောက်နေတဲ့ နေရာကို ကြည့်လိုက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလားတူ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကလည်း လက်ရွေးစင် အသင်းမှာ ဇီယက်ခ်ျ ခြေစွမ်းပြနေတာကို အံ့သြမိကြောင်း အခုလို ဖွင့်ဟခဲ့ဖူးပါတယ် ။

Sky Bet နဲ့ တွေ့ဆုံခဲ့ရာမှာ ရွိုင်ကိန်း က ” မော်ရိုကိုဟာ ဒီပြိုင်ပွဲမှာ မာကျော တောင့်တင်းပြီး ၊ မာန်ပါပါနဲ့ ကစားတဲ့ အသင်း တသင်း အဖြစ် ပြသနေပါတယ် ။ ခံစစ်ကို အဓိက အထိုင် ကစားတာ မှန်ပေမယ့် ၊ ဘောလုံး ခြေထဲ ရှိတဲ့အချိန်မှာလည်း ကောင်းကောင်း ကစားနိုင်ပါတယ် ။ ”

” သူတို့ဟာ ဒီပြိုင်ပွဲမှာ အံ့သြဖွယ်ကောင်းပြီး ၊ ကျွန်တော် ဒါကို ကြိုပြီး မမှန်းဆခဲ့မိပါဘူး ။ ဟာကင် ဇီယက်ခ်ျဆို ကလပ်က ပုံစံနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ကစားသမား တဦး ဖြစ်ပုံပေါ်ပါတယ် ။ ဒါက သူ့အတွက် မတူညီတဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ် ။ ”

” တခါတလေမှာ ကစားသမားတွေဟာ ကလပ်အဆင့်မှာ ရုန်းကန်ရတတ်ပေမယ့် ၊ နိုင်ငံတကာပွဲတွေမှာတော့ အခြားသော ကိုယ်ရည်ကိုယ်သွေးနဲ့ ပိုမို လိုက်ဖက်မှု ရှိတာကြောင့် ခြေစွမ်းပြတတ်ပါတယ် ။ ဇီယက်ခ်ျဟာ မော်ရိုကိုမှာ ကြီးကျယ်တဲ့ ခေါင်းဆောင် တဦး ဖြစ်ပုံပေါ်ပြီး ၊ ဒါမျိုး ပုံစံ ချဲလ်ဆီးမှာ သူ့ကို မမြင်ထားရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR